သီပေါမြို့မရဲစခန်း လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခံရ
2017.07.02

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မရဲစခန်းကို ဒီနေ့မနက် လေးနာရီခွဲခန့်က လက်လုပ်မိုင်းနဲ့ ပစ်ခတ်မှုဖြစ်ပွား ခဲ့တဲ့အတွက် ကားတစ်စီး ပျက်စီးသွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရဲစခန်းအပြင်ဘက်ကနေ ပစ်ခတ်သွားတာဖြစ်ပြီး ကြီးကြီးမားမားထိခိုက်မှုမရှိဘူးလို့ သီပေါမြို့မ ရဲစခန်းက ဒုရဲမှူးမြင့်ကျော် ကပြောပါတယ်။
"သီပေါမြို့မရဲစခန်းအပြင်ကနေပြီးတော့ လှမ်းပစ်တဲ့သဘောပေါ့။ တပ်ဖွဲ့ဝင်တစ်ယောက် ကျောက်ခဲ စလေး ခြေမျက်စိကိုမှန်တာ။ အဲလိုတော့ ကျနော်တို့ဆီမှာ တခါမှတော့မဖြစ်ဘူးဘူး။ မနှစ်ကတော့ ကျနော်တို့ရဲစခန်း ရှေ့က ချောင်းကူးတံတားဘေးမှာတော့ ခွဲခံရမှုရှိပါတယ်။ ကျနော်တို့တော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး"
လက်လုပ်မိုင်းပစ်ခတ်ခံရတာကြောင့် ရဲစခန်းအုတ်နံရံနဲ့ အမှုတွက် သက်သေအဖြစ်ဖမ်းဆီးထားတဲ့ ကားတစီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ခြေမျက်စိကို ကျောက်ခဲစထိမှန် ဒဏ်ရာရ ခဲ့တယ်လို့ ပြောပါတယ်။
သီပေါမြို့မရဲစခန်း ပစ်ခတ်ခံရမှုအတွက် စစ်ဆေးမှုတွေပြုလုပ်နေသလို လုံခြုံရေးချထားကြောင်းနဲ့ အမှုဖွင့်ထား တာမျိုးမရှိသေးကြောင်း ဒုရဲမှူးမြင့်ကျော် ကပြောပါတယ်။
ဒါ့အပြင် ဒီနေ့မနက် ၆ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တိန် ကျေးရွာ အဝင်မှာရှိတဲ့ ရထားလမ်း မိုင်းခွဲခံခဲ့ရပါတယ်။