ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားဆဲလို့ သမ္မတဦးသိန်းစိန်ပြောကြား

မြန်မာနိုင်ငံမှာ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်နေသလို တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း ပူးပေါင်းပါဝင်ဖို့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ဖေါ်ပြထားပါတယ်။

2012.02.12

ပြည်ထောင်စုအစိုးရ အဖွဲ့သစ်အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဒီမိုကရေစီစနစ်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ အကောင်အထည်ဖော်မှသာ အောင်မြင်နိုင်တာကြောင့် အစိုးရအနေနဲ့ အလေးထား အကောင်အထည် ဖော်နေကြောင်းလည်း ပြောထားပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရ ဝန်ထမ်းတွေနဲ့ ပြည်သူအားလုံးက တရားဥပဒေကို လေးစားလိုက်နာရမယ်လို့လည်း ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိနေပေမယ့် ကချင်ပြည်နယ်မှာ စစ်ပွဲတွေဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ကို ထွက်ပြေးခိုလှုံနေကြတဲ့အပြင် အဲဒီဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက် ဖြစ်နေကြောင်းလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။

သမ္မတရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာထဲမှာ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့အတွက်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်နိုင်ရေးအတွက် အကျဉ်းထောင် အသီးသီးကနေ အကျဉ်းသားတွေကို လေးကြိမ်တိတိ လွှတ်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။