လွတ်ငြိမ်းချမ်းသာခွင့် ရည်ရွယ်ချက် နဲ့ လုပ်ရပ် မကိုက်ညီကြောင်း အဖွဲ့အစည်းတွေ ပြစ်တင်ဝေဖန်


2015.07.31
china-illegal-loggers-free-620.jpg မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က မှန်လုံးကား ၅ စီးနဲ့တင်ဆောင်ပြီး တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီကနေတဆင့် တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်စဉ်
Photo: Kyaw Myo Min/RFA

သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီး ဇူလိုင်လ ၃ဝ ရက်နေ့က အကျဉ်းသား ၇ ထောင်နီးပါး ပြန် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၃ ယောက်ပဲ ပါဝင်တဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်မကိုက်ညီဘူးလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ဒီနေ့ ကြေညာချက်ထုတ်ပြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။

နိုင်ငံတည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံရေးမှာ အားလုံး ပါဝင်ခွင့်ရနိုင်ရေးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်လို့ဖော်ပြထားပေမယ့် တကယ့်လက်တွေ့ မှာတော့ တိုင်းပြည်ရဲ့ သယံဇာတတွေခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကို ဦးစားပေးလွှတ်လိုက်တာပဲ တွေ့ရတဲ့ အတွက် အစိုးရရဲ့လုပ်ရပ်ဟာ ပြည်သူရဲ့ ယုံကြည်မှုကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

"ကိုယ့်နိုင်ငံထဲမှာ သယံဇာတတွေ ခိုးထုတ်နေတဲ့လူတွေကို ဥပဒေအရ တစ်သက်တစ်ကျွန်းချပြီးတော့ ၈ ရက်လောက်အကြာမှာ အဲ့ဒီလိုခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီနိုင်ငံရဲ့ဥပဒေ အသစ်ပြဌါန်းဖို့အတွက် ပြုပြင်ပြောင်းလဲဖို့အတွက် ဆန္ဒထုတ်ဖော်တဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ဘာကြောင့်မလွှတ်ပေးတာလဲဆိုတဲ့ကိစ္စက မေးခွန်းထုတ်စရာတစ်ခုရှိပါတယ်၊ လွှတ်ပေးထားတဲ့ ရည်ရွယ်ချက် ကိုက ငြိမ်းချမ်းမှုဖော်ဆောင်ဖို့ ၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် နောက်တစ်ခါ နိုင်ငံရေးဖြစ် စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တယ်ဆိုတဲ့အခါကျတော့ ဒီရည်ရွယ်ချက်နဲ့သာ လွှတ်တယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမတိုင်မီ မှာ ခြွင်းချက်မရှိ လွှတ်ကိုလွှတ်ပေးရလိမ့်မယ်လို့ ကျနော်တို့ အဲ့ဒီလိုမြင်ပါတယ်"

ဒါ့အပြင် အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့လုပ်ရပ်အရ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ထင်သလို လုပ်ကိုင် ဆောင်ရွက်နိုင်တယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေက မှတ်ယူသွားနိုင်သလို၊ အိမ်နီးချင်းနိုင်ငံသားတွေ အခုလိုဝင်ရောက်လုပ်ကိုင်နေတာဟာ နိုင်ငံရဲ့လုံခြုံရေးစည်း ပေါက်တာဖြစ်တယ်လို့လည်း အဲ့ဒီအဖွဲ့တွေ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။