The Voice အမှု အာမခံ ထပ်မံပယ်ချခံရ
2017.06.23

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ရဲ့ အာမခံကို ဒီကနေ့ ဗဟန်းတရားရုံးက လေးကြိမ်မြောက် ထပ်မခံပယ်ချလိုက်ပြီး တရားရုံးပြောင်းလဲစစ်ဆေး ဖို့ လျှောက်တင်မှုကိုလည်း ပယ်ချလိုက်ပါတယ်။
အာမခံထပ်မံပယ်ချခံရမှုနဲ့ တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်ထားမှုပယ်ချခံရမှုကိုတော့ ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့် က အခုလို ပြောပါတယ်။
"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၁ အရ ဒီရုံးမှာ အစစ်မခံပဲနဲ့ အခြားသင့်လျော်တဲ့ရုံးတစ်ရုံး ကို ပြောင်းရွှေ့ပေးဖို့ လျှောက်ထားခဲ့ပါတယ်၊ ဒါ ဦးကျော်မင်းဆွေ ကိုယ်တိုင်လျှောက်ထားဖြစ်တဲ့အတွက် သူကိုယ်တိုင် လက်မှတ်ထိုးပြီး လျှောက်ထားရတယ်၊ သို့သော် တရားရုံးက ဒါကိုပယ်ချခဲ့ပြီးတော့မှ တရားလို ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကို ဆက်စစ်ပါတယ်"
ဒီကနေ့ တတိယအကြိမ်ရုံးထုတ်မှာ တပ်မတော်ဘက်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီးလင်းထွန်း လာရောက်အစစ်ဆေးခံခဲ့ပါတယ်။
ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက သူတို့ဘက်က တရားဥပေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြော ပါတယ်။
"တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျနော်က ရန်ကုန်တပ်နယ်မှူး ဖြစ် ပါတယ်ခင်ဗျ၊ ကျနော်ကိုလည်း အောက်ကလည်း တင်ပြတယ်၊ အဲဒီတော့ ကျနော်ကိုတိုင်လည်း တပ်မတော်သားတစ်ယောက်ဖြစ်တဲ့အတွက် မကျေနပ်တဲ့အတွက် ဒါ ကျနော် တရားစွဲတာပါ၊ ဟိုဘက်က မီဒီယာကောင်စီကိုတိုင်တာ ဗိုလ်မှူးကြီး ထွန်းထွန်းဦး တစ်ယောက်ဖြစ်ပါတယ်၊ သီးခြားတစ်ယောက်ပါ"
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော် က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အမှုစတင်ဖွင့်စဉ်က သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်ကိုပါ အမှုဖွင့်ခဲ့ပေမယ့် ဆောင်းပါရှင်ဟာ ရေးသား သူသာဖြစ်ပြီး အွန်လိုင်းစာမျက်နှာမှာ ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး တာဝန်မရှိဘူးလို့ ဆုံးဖြတ်ကာ လွှတ်ပေးခဲ့တာဖြစ် ပါတယ်။
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို လာမယ့် ဇွန်လ ၃ဝ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပြီး အဲဒီနေ့မှာ လည်း အာမခံထပ်မံလျှောက်ထားမှာဖြစ်ပါတယ်။