The Voice အမှု အာမခံ ၅ ကြိမ်မြောက် ပယ်ချခံရ
2017.06.30

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အမှုအတွက် အာမခံလျှောက်ထားတာကို ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ၅ ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။
အချက်အလက်မပြည့်စုံတာနဲ့ သက်သေတွေစစ်ဆေးတာ မပြီးသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံပယ်ချ လိုက်တာဖြစ်တယ်လို့ ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့် ကပြောပါတယ်။
"အချက် ၂ ချက်နဲ့ အကြောင်းပြပြီး ပယ်ပါတယ်၊ ၁ ချက်ကတော့ ကျနော်တို့ရဲ့ လျှောက်ထားချက်ထဲမှာ မပြည့်စုံဘူး ဘယ်အထောက်အထားလည်း ဆိုတာလဲ တိတိကျကျ မညွှန်ပြဘူး၊ သက်သေတွေကို စုံလင်စွာ မစစ်ဆေးရသေးတဲ့အတွက် အာမခံမပေးဘူး"
ဒီကနေ့ စတုတ္တအကြိမ်ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးလင်းထွန်း ကို စစ်ဆေးဖို့ စီစဉ်ထား တာဖြစ်ပေမယ့် တရားလိုက ရုံးချိန်းကို မလာရောက်ခဲ့ဘဲ ခွင့်တိုင်ကြားခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ သတင်းသမားတွေကို တစ်ယောက်ချင်းစီ ဓာတ်ပုံမှတ်တမ်းလိုက်ယူတဲ့ တပ်မတော်သားကို လည်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဗဟန်းရဲစခန်းမှာ နိုင်ငံသားတို့ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ အကာအကွယ်ပေးရေးဥပဒေနဲ့ တိုင်ကြားလိုက်ပါတယ်။
သတင်းသမား တစ်ယောက်ချင်းစီကို ဓာတ်ပုံလိုက်ရိုက်နေတဲ့အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ် စိုးမြင့်အောင်ကို တိုင်ကြားလိုက်တာဖြစ်တယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ က ပြောပါတယ်။
ရဲစခန်းက တိုင်ကြားမှုကို လက်ခံလိုက်ပေမယ့် အမှုဖွင့်မပေးရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို လာမယ့် ဇူလိုင်လ ၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပြီး အဲဒီနေ့မှာလည်း အာမခံထပ်မံလျှောက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။