သတင်းအမှားတွေ ဖြန့်ဖို့လုပ်နေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းအရေးယူမည်
2020.07.18
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သတင်းအမှားတွေကို တိုက်ဖျက်နိုင်ရေး လွတ်လပ်တဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးမြှင့်တင်ပေးသင့်တယ်လို့ သတင်းမီဒီယာကောင်စီက ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေနဲ့ ဘက်လိုက်တဲ့ သတင်းတွေ ဖြန့်ချီဖို့ သတင်းထောက်တွေကို ငွေပေးပြီး ကမ်းလှမ်းတာတွေရှိနေတယ်လို့ အစိုးရက ပြောဆိုချက်အပေါ် မီဒီယာကောင်စီက ပြောဆိုခဲ့တာပါ။
ရွေးကောက်ပွဲကာလမှာ လူထုရဲ့ သဘောထားအမြင်တွေပြောင်းလဲအောင် သတင်းတု၊ သတင်းမှားတွေ ဖန်တီးဖို့ လူပုဂ္ဂိုလ်အလိုက် သိန်းထောင်ချီပေး စာချုပ်ချုပ်ဆိုမှုတွေရှိနေတယ်လို့ ကြားသိနေရပြီး သတင်းအမှားတွေ ဖြန့်ဖို့ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နေတာတွေကို စုံစမ်းဖော်ထုတ် အရေးယူ သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးအကျိုးအမြတ်အတွက် တိုင်းပြည်ကို အန္တရာယ်ဖြစ်အောင် ငွေကြေးပုံပေး ဆောင်ရွက်နေသူ မည်သူမဆို အရေးယူခံရနိုင်တယ်လို့ သူကပြောပါတယ်။
“နိုင်ငံရေးအကျိုးအမြတ်အရ ရွေးကောက်ပွဲအတွက် ဖြစ်စေ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ Network ဖွဲ့ပြီးလုပ်တယ်။ တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့အရာတွေကို လုပ်လာတယ်။ အဲနောက်ကွယ် မှာ ငွေပုံပေးပြီး ခိုင်းစေတဲ့ မည်သူမဆို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ စတဲ့ သက်ဆိုင်ရာဥပဒေတွေရှိပါတယ်။ အဲဒါတွေနဲ့ ငြိစွန်းသွားနိုင်တယ်။ အရေးယူခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့က သတိပေးတာဖြစ်တယ်ပေါ့နော်။”
ဝါဒဖြန့်ဖို့ ငွေကြေးအသုံးပြု ဆောင်ရွက်မှုတွေဟာ ရွေးကောက်ပွဲရှိတဲ့ နိုင်ငံတိုင်းမှာ အနည်းနဲ့ အများရှိနေပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကိုတော့ အစိုးရက အရေးယူဆောင်ရွက်ရေး လုပ်ဆောင်မှုတွေအတွက် အသိပေးတာ၊ ညှိနှိုင်းဆောင်ရွက်တာမျိုးမရှိသေးဘူးလို့ ကောင်စီဘက်က ပြောပါတယ်။
ဝါဒဖြန့်မီဒီယာတွေ လျော့ကျအောင် အစိုးရက လွတ်လပ်တဲ့မီဒီယာတွေ ရှင်သန်နိုင်ရေး လုပ်ဆောင်ပေးသင့် တယ်လို့ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
“ဒီလိုဟာတွေ လျော့ပါးသွားအောင်ဆိုတာက လွတ်လပ်တဲ့ မီဒီယာတွေကို အားပေးဖို့ လိုတာပေါ့နော်။ အစိုးရက အဲဒီအနေအထားကို အခုအချိန်ထိတော့ သဘောမပေါက်သေးဘူးလို့ ကျွန်တော်တော့ထင်တယ်လေ။ လွတ်လပ်တဲ့မီဒီယာတွေ ရှင်သန်နိုင်အောင် အစိုးရက အားပေးရင် ဝါဒဖြန့်မီဒီယာတွေက အပေါ်မရောက်လာ နိုင်ဘူးပေါ့။ အဲလိုမဟုတ်ရင် သူတို့ရဲ့ information တွေက များလာမယ့် အနေအထားမျိုး ဖြစ်တယ်။ အစိုးရအနေနဲ့ မူဝါဒပိုင်းမှာ အဲဒီအနေအထားမျိုးကို နားလည်သဘောပေါက်ဖို့ လိုတယ်လို့ ထင်တယ်။”
ဘဏ္ဍာငွေအခက်အခဲရှိနေတဲ့ သတင်းမီဒီယာတွေထံ အစိုးရရဲ့ ကြော်ငြာတွေထည့်သွင်းတာ၊ မီဒီယာ လုပ်ငန်းတွေကို အခွန်အကောက် လျှော့ချတာမျိုးတွေကို လုပ်ဆောင်ပေးဖို့ သတင်းမီဒီယာသမားတွေ က တောင်းဆိုမှုတွေရှိပါတယ်။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က လက်ရှိအခြေအနေမှာ သတင်းမီဒီယာလုပ်ငန်းဟာ ဒီဂျစ်တယ် စိန်ခေါ်မှုအပြင် ကပ်ဘေးကာလ အခြေအနေကြောင့် ငွေကြေးအခက်အခဲနဲ့ ဝန်ထမ်းအင်အား၊ လစာ လျှော့ချတာတွေလည်းရှိနေတာကို ကြားသိနေရတယ်လို့ ပြောပါတယ်။
စားဝတ်နေရေးအခက်အခဲဖြစ်နေပေမယ့် သတင်းသမားဘဝကို ထိန်းသိမ်းနေသူတွေရှိသလို တစ်ဖက်မှာလည်း ကမ်းလှမ်းမှုအပေါ်မှာ လူတိုင်းက တင်းခံဖို့ ခက်ခဲတယ်လို့ သူအမြင်ကို ပြောပါတယ်။ တစ်ဦးတစ်ယောက်ကို ပြောနေတာထက် လွတ်လပ်တဲ့မီဒီယာတွေ အဖွဲ့အစည်းအနေနဲ့ ရှင်သန်နိုင်ဖို့ အစိုးရက ကူညီထောက်ပံ့ဖို့ လိုတယ်လို့ သတင်းမီဒီယာတွေဘက်က ယူဆကြပါတယ်။
သတင်းမှား ဖြန့်ချီရေးအတွက် သိန်းထောင်ချီပေး ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မသိကြောင်းနဲ့ နည်းလမ်းမမှန်တဲ့ မဲဆွယ်စည်းရုံးမှုတွေကို အရေးယူရမှာက အစိုးရရဲ့ အလုပ်ဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။
“ဘာကို ရည်ရွယ်ပြီးပြောမှန်းကို ကျွန်တော်တို့မသိတာ၊ ကျွန်တော်တို့ကတော့ ကိုယ့်ပါတီနိုင်ဖို့ ကိုယ့်ပြည်သူ တွေကို အလုပ်အကျွေးပြုနိုင်ဖို့ ဒီနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေတာကို ဘယ်လို ပြန်ကောင်းအောင်လုပ်မလဲ စဉ်းစားပြီး အလုပ်ရှုပ်နေတာ။ မှန်မှန်ကန်ကန် မဲဆွယ်စည်းရုံးတာမဟုတ်ဘဲ နည်းလမ်းမမှန် မဲဆွယ် စည်းရုံးတာမျိုးတွေ မမှန်မကန် သတင်းတွေထုတ်ပြန်ပြီး မိမိပါတီ မြဲအောင် လုပ်တာမျိုး ဒီလိုမျိုး စုဖွဲ့ပြီး လုပ်တယ်ဆိုရင်တော့ ဘယ်အဖွဲ့အစည်းကလုပ်လုပ် အစိုးရ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဦးဆောင်လုပ်ရမှာ ဖြစ်တဲ့အတွက် လုပ်ရမှာပါပဲ။”
ကပ်ဘေးကာလအခြေအနေအရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုလုပ်ငန်း တော်တော်များများကို အွန်လိုင်း အသုံးပြုရမှာဖြစ်ပြီး သတင်းတု၊ သတင်းမှားတွေကလည်း လူမှုကွန်ယက်ဖေ့ဘွတ် စာမျက်နှာတွေကနေသာ ထွက်တာများ တဲ့အတွက် သတင်းမှားတွေကို တုံ့ပြန်နိုင်အောင် ကော်မတီဖွဲ့ဆောင်ရွက်ဖို့ NLD ပါတီဘက်က ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲနီးလာရင် သတင်းမှားတွေပိုများလာနိုင်လို့ ပိုသတိထားဖို့လိုတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
“ရွေးကောက်ပွဲနီးလာရင် ပိုပြီးတော့ တိုးလာမှာသေချာတယ်။ မနေ့ကကို သတင်းတု သတင်းမှားတွေ ထပ်ထွက်လာတယ်။ ဒေါက်တာမျိုးညွန့်ကို CEC က ထုတ်ပယ်လိုက်ပြီဆိုတာမျိုးတွေ။ သတိတော့ထားပြီး လုပ်နေရတာပဲ။ သတင်းတု၊ သတင်းမှားတွေကို ဘယ်လိုပြန်တုံ့ပြန်ရမလဲဆိုတာ။”
လူမှုကွန်ယက် အသုံးပြုသတင်းမှားဖြန့်ဝေမှုတွေအပြင် တစ်ဖက်မှာလည်း နေပြည်တော်တိုင်း သတင်းထောက် ကတ်နဲ့ ကိုယ်ကျိုးစီးပွား ရှာနေသူတွေရှိနေပြီး ဒီလူတွေကို အရေးယူနိုင်ဖို့ သတင်းသမားတွေ ဝိုင်းဝန်းကူညီ သတင်းပေးဖို့ကိုလည်း ဦးဇော်ဌေးက မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို တိုက်တွန်း ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့ မှုခင်းသတင်းထောက်များအသင်းကိုလည်း ပြီးခဲ့တဲ့ ဇွန်လ အလယ်ပိုင်းက ဖျက်သိမ်းထားပြီး ဖြစ်ပါတယ်။