သာပေါင်း လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
2013.06.21
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရှောပြာကုန်းကျေးရွာအုပ်စုက လယ်သမား ၁၅ဝ ကျော်ဟာ ဧရာရွှေဝါ ကုမ္ပဏီကနေ သိမ်းယူခဲ့တဲ့ လယ်ယာမြေဧက ၁၄ဝ ကျော်မှာ ထွန်တုံးတိုက်ပွဲအဖြစ် ဒီကနေ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။
အဲဒီလယ်ယာမြေ ဧက ၁၄ဝ ကျော်ကို လယ်သမား ၉ ဦးက ပိုင်ဆိုင်တာဖြစ်ပြီး လယ်ယာမြေတွေထဲမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ အခုလို ထွန်ယက်စိုက်ပျိုးရတာ ဖြစ်တယ်လို့ လယ်သမား ဦးမျိုးမင်းထွန်း က RFA ကို ပြောပါတယ်။
"အစိုးရအဖွဲ့အစည်းတွေကိုလည်း ကျနော်တို့က တင်ပြပါတယ်၊ တင်ပြပေမယ့် တကယ်တန်းချထားပေးမှု မရှိသေးဘူးလေ၊ ကျနော်တို့ကလည်း လယ်ယာမြေလုပ်တဲ့အချိန် ရောက်နေတဲ့အတွက် ကျနော်တို့က မစောင့်နိုင်တော့ဘူး၊ ကျနော်တို့လယ်ယာတွေကို အခုအချိန်မှာ အချိန်မီဆောင်ရွက်နေတာပါ၊ ကျနော်တို့ကတော့ မရရအောင်လုပ်မှာပဲ၊ ကျနော်တို့က နေ့စဉ်ပုံမှန် ထယ်ထိုးနေမှာပဲ၊ ပြီးတော့ အထက်အဖွဲ့အစည်းတွေကိုလည်း မူလလူတွေဆီ ပြန်ရအောင် တင်ပြမှာပဲ"
အဲဒီဒေသမှာ မြေရိုင်း ဖော်ထုတ်ရေး စီမံကိန်း အတွက်ဆိုပြီး ဧရာရွှေဝါကုမ္ပဏီက လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကစလို့ လယ်ယာမြေတွေကို လျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် မေလ ၆ ရက်နေ့က ကုမ္ပဏီဖက်က စီမံကိန်း ဖျက်သိမ်းလိုက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို လယ်ယာမြေတွေ ပြန်လည် ပေးအပ်လိုက်တယ်လို့ ကြားသိရတဲ့အတွက် ပြန်လည် လုပ်ကိုင်ခွင့်ရဖို့ အခုလို ထွန်ယက်စိုက်ပျိုးရတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။