၆၆ (ဃ) ကို ဘဝင်မကျကြောင်း ဝန်ကြီးပြော


2016.11.23
thantzinmaung-620.jpg ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ကို နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

လက်ရှိကျင့်သုံးနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ဘဝင်မကျဘူးလို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင် က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်အချို့ရဲ့ မေးမြန်းမှုကို ဝန်ကြီးဦး သန့်စင်မောင် က အဲဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"လွှတ်တော်က မေးလာရင်ပေါ့ဗျာ၊ အမှန်ကတော့ ဒီဟာက တမျိုးကြီးဖြစ်နေတာ၊ ကျနော့်စိတ်ထဲတော့ သိပ်ပြီးတော့ ဘဝင်မကျတာ အမှန်ပါပဲ၊ အမှန်ပြောရင်တော့ အာမခံပေးတယ် မပေးဘူးဆိုတာက တရားရုံးကိစ္စဖြစ်လို့ ကျနော်ဘာမှမပြောလိုပါဘူး"

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ မည်သူမဆို ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ် ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပါရှိပါတယ်။

အဲဒီဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့ သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကလည်း လေ့လာသုံးသပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ၆၆ (ဃ)နဲ့ အရေးယူခံထားရသူ ၂၅ ယောက် လောက်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။