တောင်ကြီးအခြေစိုက် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ်နဲ့ မိသားစုဝင်တို့ အဖမ်းခံရ
သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ် မမြဝန်းရံနဲ့ သူမရဲ့သမီး နှစ်ယောက်တို့ကို စစ်ကောင်စီက ဇူလိုင် ၂၀ ရက်နေ့ ညပိုင်း တောင်ကြီးမြို့က နေအိမ်မှာ ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ တောင်ကြီး မြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။
မမြဝန်းရံနဲ့အတူ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မနန်းခင်ဘုန်းသွယ်နဲ့ အသက် ၂၂ နှစ်အရွယ် မဆုမြတ်နိုး တို့ကို တောင်ကြီးမြို့ ကံကြီးရပ်ကွက်က ရွှေတောင်ကြားနေအိမ်မှာ စစ်ကောင်စီက ည ၇ နာရီဝန်းကျင်မှာ လာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ အဲဒီတောင်ကြီးမြို့ခံက ဆိုပါတယ်။
သံလွင်သွေးချင်း သတင်းဌာနဟာ ရှမ်းပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်ပြီး ဒေသတွင်းသတင်းတွေကို ၂၀၁၇ ခုနှစ်ခန့်က စလို့ ဖော်ပြနေတဲ့ သတင်းဌာနက တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း ရွှေတြိဂံသတင်းဌာနက သတင်းထောက်ဟောင်းနဲ့ ဇနီးဖြစ်သူတို့ကို တောင်ကြီးမြို့က နေအိမ်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ RFA ရဲ့ သီးခြားအတည် ပြုထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစလို့ အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာ သတင်းမီဒီယာ ငါးခု ရဲ့ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းခံထားရပြီး ရှမ်းပြည်နယ်ထဲက သတင်းသမား ခုနစ်ယောက် ဖမ်းဆီးခံထားရပါတယ်။
RFA က စုံစမ်းသိရတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ဒီနေ့အထိ အချိန်ငါးလကျော်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ သတင်းသမားပေါင်း ၈၇ ဦးအထိ ရှိခဲ့ပါတယ်။
ဒီအထဲက ၃၁ ဦးကို အစောပိုင်းမှာ ပြန်လွှတ်ပေးခဲ့သလို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီက အကျဉ်းသား ၂,၃၀၀ နဲ့အတူ ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာလည်း သတင်းထောက် ၁၄ ဦး ပါဝင်တာကြောင့် ဇွန်လ ၃၀ ရက်နေ့အထိ ပြန်လွတ်လာတဲ့ သတင်းသမားပေါင်းဟာ ၄၅ ဦးအထိ ရှိခဲ့ပါတယ်။
ဒါပေမဲ့ လွတ်မြောက်လာသူ ၁၄ ဦးထဲက Ayeyarwaddy Times သတင်းဌာနရဲ့ မအူပင် သတင်းထောက် ကိုအောင်မြသန်းကို ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံဖမ်းဆီး သွားခဲ့တာကြောင့် လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမား ၄၃ ဦး ကျန်နေသေးတာ ဖြစ်ပါတယ်။