ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု စတင်ပြီ


2014.03.30
census-305.jpg သန်းခေါင်စာရင်း ကောက်ခံမှု အသိပညာပေး လက်ကမ်း စာစောင်တွေကို တွေ့ရစဉ်
Photo: RFA

မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ခံမယ့် ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံး မှာ တပြိုင်နက်တည်း စတင်ကောက်ယူနေပြီလို့ အစိုးရ မီဒီယာက ဒီနေ့ ကြေညာလိုက်ပါတယ်။

သန်းခေါင်စာရင်းဟာ လူဦးရေနဲ့ အိမ်ထောင်စု အချက်အလက်ကိုသာ ကောက်ခံတာလို့ သိရပြီး အဲ့ဒီပုံစံမှာ မေးခွန်းပေါင်း ၄၁ ခုပါရှိ ပါတယ်။ ရန်ကုန်မြို့ မှာတော့ လူမျိုး၊ အသက်၊ မှတ်ပုံတင်အမှတ်၊ ပညာ အရည်အချင်း၊ စတဲ့ မေးခွန်းတွေပါတဲ့ စာရွက်တွေကို အိမ်တိုင်းမှာ လိုက်လံဝေငှထားပါတယ်။

လာမယ့် ဧပြီလ ၁ဝ ရက်နေ့ မတိုင်ခင် သန်းခေါင်စာရင်း ဝန်ထမ်းတွေက အိမ်တိုင်အရောက်လာပြီး သန်းခေါင်စာရင်းပုံစံကို အိမ်ရှင်တွေရှေ့မှောက် မှာ ပဲ ဖြည့်စွက်ကြမယ်လို့ သိရှိရပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရာမှာ တစ်တိုင်းပြည်လုံး စာရင်းကောက်ဝန်ထမ်း တစ်သိန်းကျော်နဲ့ စာရင်းစစ် နှစ်သောင်း ဝန်းကျင်တို့က ရပ်ကွက်ကျေးရွာ သန်းခေါင်စာရင်း ကော်မတီ၊ အထောက်အကူပြုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း တေ့ွဆုံမေးမြန်းကောက်ယူတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မူလက သန်းခေါင်စာရင်းကောက်ယူမှုမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့်မပြုဖို့ အတွက် တောင်းဆိုထားတာကို အစိုးရက အကြောင်းမပြန်တဲ့အတွက် ရက်အတော်ကြာ ကန့်ကွက်ကြောင်းပြောဆို ခဲ့ရာက ဒီနေ့  အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရ၊ ရပ်မိရပ်ဖတွေ ဆွေးနွေးအပြီး သန်းခေါင်စာရင်း သပိတ်မှောက်တာကို ရုတ်သိမ်းလိုက်ပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီကစပြီး ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကို ပြည်နယ်တစ်ခုလုံး တပြိုင်နက် စတင်ကောက်ယူနေပါတယ်။

မြန်မာနိုင်ငံ လူဦးရေစာရင်းကို ပြီးခဲ့တဲ့ ၁၉၇၃ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာ တစ်ကြိမ် ကောက်ခံထားပြီး အခုအကြိမ်ဟာ နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံ လူဦးရေစာရင်းကို ကောက်ယူတာဖြစ် ပါတယ်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက အဓိကတာဝန်ခံပြီး တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ UNFPA က နည်းပညာဆိုင်ရာ ပံ့ပိုးထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်ကို ကန့်ကွက်သပိတ်မှောက်ထားရာကနေ ဒီကနေ့ ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ RFA ဝိုင်းတော်သား ဦးဝင်းနိုင် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။