သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ
2013.10.01
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် မွတ်စလင်အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေပိုင်း အခြေအနေတွေကို သံတွဲဒေသတွင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။
"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်း မိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီမှာ ရွာသားတွေက ချောင်ပိတ်မိနေပါတယ်"
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေးမရှိသေးတဲ့ ကျေးရွာတွေမှာ အဲဒီလို မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။
"ဒီဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့ လုံခြုံရေးနဲ့ အလှမ်းဝေးတဲ့နေရာပေါ့၊ ရွှေလီဘက်ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက်ဝေးတယ်၊ အဲလိုဖြစ်လို့သတင်းကြားတာနဲ့ တခါတည်း အဲနေရာကိုတော့သွားတာပေ့ါ၊ သဗြုချိုင်လည်းအဲလိုပဲ၊ ဖြစ်မယ်ထင်လို့ ဒီနေ့မနက်မှာ လုံခြုံရေးမရောက်ခင်အချိန်လေးမှာပဲ ဒီပြဿနာတွေဖြစ်တယ်လို့ပဲ သိရတယ်"
နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် သဗြုချိုင်ကျေးရွာနဲ့ ပေါက်တောကျေးရွာတွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်ပြုပြောကြားတာ မရှိပါဘူး။
ဒီနေ့ မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
သံတွဲဒေသမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။