သံတွဲက အကြမ်းဖက် မီးရှို့မှု ဖြစ်စဉ်ကို စတင်စစ်ဆေး
2013.07.18
ရခိုင်ပြည်နယ်၊ သံတွဲမြို့က အကြမ်းဖက် မီးရှို့မှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ သံသယရှိသူ ၂ ဦးနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၃ ဦးကို သံတွဲခရိုင်တရားရုံးမှာ မနေ့က မေးမြန်းစစ်ဆေးခဲ့ပါတယ်။
အမှုစစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး သံတွဲမြို့ဒေသခံတစ်ဦးက RFA ကို ဒီကနေ့ အခုလို ပြောပါတယ်။
"တရားသူကြီးက သက်သေတွေ တွေ့တာမြင်တာတွေကို မေးတာပါ၊ အပြန်အလှန်တွေ အမေးအဖြေလုပ်ကြတာပါ"
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က သံတွဲမြို့ကို လာရောက်လည်ပတ်တဲ့ အမျိုးသမီးတစ်ဦးကို သံတွဲမြို့ဒေသခံနှစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အဲဒီနှစ်ဦးကို သံတွဲမြို့နယ်ရဲစခန်းက ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် သူတို့နှစ်ဦးကို သံတွဲခရိုင်တရားရုံးက ဇူလိုင်လ ၁၅ရက်နေ့မှာ စတင်ရုံးတင်စစ်ဆေးခဲ့ပြီး၊ မနေ့ကတော့ သံတွဲမြို့ အံတော်ကျေးရွာက တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးခဲ့တာပါ။