မန္တလေးမှာ ဗကသကျောင်း သားဟောင်း ကိုသန်းထိုက် ကို ဝရမ်းထုတ် ဖမ်းဆီး
2017.05.12

မန္တလေးမြို့မှာ ဗကသ ကျောင်းသားဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းထိုက်ကို တရားရုံး အာမခံဖောက်ဖျက်မှုနဲ့ မင်းလှမြို့နယ်ရဲစခန်းက မနေ့ညက လာရောက်ဖမ်းဆီးသွားပါတယ်။
လက်ပံတန်းအရေးအခင်းနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရစဉ်က တရားသူကြီးကို မထီမဲ့မြင်ပြုတဲ့အမှုနဲ့ တရားစွဲဆို ခံထားရတဲ့အပေါ် အာမခံရယူပြီး ရုံးချိန်းမသွားရောက်တဲ့အတွက် အာမခံဖောက်ဖျက်မှုနဲ့ ဖမ်းဆီးလိုက်တာလို့ ဗကသ ကျောင်းသားဟောင်း ကိုအောင်မှိုင်းဆန်းက RFA ကို အခုလိုပြောပါတယ်။
"လက်ပံတန်းအရေးအခင်းနဲ့ ကျနော်တို့တွေနဲ့ အတူ အဖမ်းခံရတော့ သာယာဝတီရုံးချိန်းမှာ ဖြစ်ခဲ့တဲ့ အမှုပေါ့၊ အဲဒီမှာ တရားသူကြီးကို မထီမဲ့မြင်လုပ်တယ်ဆိုတာနဲ့ စွဲတာပေါ့၊ သူရယ်၊ ရှေ့နေ ဒေါ် ခင်ခင်ကျော်ရယ် ၂ ယောက် ကို အမှုတွဲပြီးတော့ အဲကတည်းက တရားရင်ဆိုင်နေတာ အခုဆိုရင် ၂ နှစ်ဝန်းကျင်ရှိနေပြီ၊ အခုချိန်ထိ မပြီးသေး ဘူးပေါ့နော်၊ ပြီးခဲ့တဲ့နောက်ဆုံးရုံးချိန်း ကျနော် နေ့ရက်တော့ မမှတ်မိတော့ဘူး၊ နောက်ဆုံးရုံးချိန်းမှာက မနက်ပိုင်းမှာ သူရုံးချိန်းပုံမှန်သွားပါတယ်၊ တရားလိုတွေရဲ့ သက်သေတွေက မလာဘူး၊ နေ့လည်ပိုင်းအထိ သူ့ကို စောင့်ခိုင်းတယ်၊ သူက တစ်ညဆက်အိပ်ရမှာ ဆိုတော့ အဆင်မပြေဘူးပေါ့လေ၊ အဲတော့ မစောင့်တော့ဘူး၊ သွားတော့မယ်ဆိုပြီး ပြန်သွားခဲ့တယ်၊ အဲဒီကတည်းကစပြီး သူတရားရုံးလည်း မရင်ဆိုင်တော့ဘူး၊ ရုံးချိန်းလည်း မသွားတော့ပဲ အဲလိုနေ လိုက်တာ၊ အဲကတည်းကနေ တရားသူကြီးက အာမခံဖောက်ဖျက်မှု သဘောမျိုး သတ်မှတ် လိုက်တဲ့သဘောပေါ့။"
မင်းလှမြို့နယ်တရားရုံးရဲ့ ဖမ်းဝရမ်းနဲ့ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ကြားသိရကြောင်းလည်း ပြော ပါတယ်။
ကိုသန်းထိုက်ကို လာမယ့် မေလ ၁၆ ရက်နေ့ သာယာဝတီတရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး လက်ရှိမှာ သူ့ကို သာယာဝတီအကျဉ်းထောင်ကို ပို့လိုက်ပြီလားဆိုတာကို သေချာမသိရှိ ရသေးဘူးလို့ ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။
ကိုသန်းထိုက်ဟာ လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီးနောက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေထဲမှာလည်း ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။