သခင်ကိုယ်တော်မှိုင်း နှစ်ပတ် လည် ရန်ကုန်မှာ ကျင်းပ
2012.07.23

သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေကို ပြန်လည် ဖော်ထုတ်သလို တခြားနယ်ပယ် အသီးအသီးမှာ စွမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ဖို့ လိုအပ်တယ်လို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်ဦးက အဲဒီ အခမ်းအနားမှာ RFA ကို ပြောပါတယ်။
"ဂုဏ်ပြုရုံတင်မကဘူး။ တကယ် စာပေလောက၊ စာနယ်ဇင်းလောက၊ အနုပညာလော အားလုံးက သူနဲ့ပတ်သက်တဲ့ ဗိမာန်ကြီးတစ်ခုလို ထောင်ပြီးတော့ ခမ်းခမ်းနားနား ဂုဏ်ပြုရင်တော့ ကောင်းတာပေါ့နော်။ သူရယ်မကဘူး၊ ဗိုလ်ချုပ်အောင်ဆန်းတို့ရော၊ နောက် ကျွန်တော်တို့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ဦးသန့်တို့ပေါ့နော်၊ အဲဒီလို လုပ်ပေးရင် ကောင်းတာပေါ့။ ဒီဟာတွေက ကျေးဇူးတရားကို သိတတ်တဲ့ အနေနဲ့ လုပ်တာကတော့ နောက်ထပ် ပိုပြီးတော့ နောင်လာ နောက်သားတွေ သိရအောင် ဒီစာပေလောကနဲ့ ပတ်သက်တဲ့အပိုင်းရယ်၊ စာပေတင်မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စပြီးတော့ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များ အပိုင်းနဲ့ ပတ်သက်လို့ အင်မတန်မှ ကြီးကျယ်တယ်။ လေးစားရမှပေါ့၊ ရိုသေရမှာပေါ့"
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း သခင်ကိုယ်တော်မှိုင်းလို သမိုင်းမှာ အင်မတန် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့အကြောင်းကို အခုခေတ် ဆယ်ကျော်သက် လူငယ်တွေ သိပ်မသိကြတော့တာဟာ စိုးရိမ်စရာကောင်းကြောင်း အခမ်းအနားမှာ ထည့်သွင်း ဟောပြောခဲ့ပါတယ်။
အဲဒီအခမ်းအနားကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သလို၊ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေးအဖွဲ့ကလည်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အခမ်းအနားမှာ သခင်ကိုယ်တော်မှိုင်း အမှတ်တရ ဟောပြောမှု၊ ကဗျာ ရွတ်ဆိုမှုတွေအပြင် ဂီတ ဖျော်ဖြေမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အလားတူ သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည်အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က သွေးလှူပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် လားရှိုးခရိုင် အတွင်းရေးမှူး မနေခြည်အောင်က-
"သခင်ကိုယ်တော်မှိုင်း ဆုံးပါးသွားတာ ၄၈ နှစ်မြောက် အထိမ်းအမှတ် အနေနေ့ ကျွန်မတို့ ရှမ်းမြောက် ဗကသကနေပြီးတော့မှ သွေးလှူဒါန်းပွဲ တရပ်လုပ်တယ်ပေါ့နော်။ စုစုပေါင်း လှူတာကတော့ ၅ ယောက်လှူတာပါ"
အလားတူ တောင်ငူခရိုင် ဗကသများ အဖွဲ့ချုပ်ကလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ရည်စူးပြီး သွေးလှူခဲ့ကြသလို ဧရာဝတီတိုင်း ဟင်္သာတခရိုင် ဗကသများအဖွဲ့ချုပ်က အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေအကြောင်း ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။