မြန်မာအလုပ်သမား ၅ ဦးကို သတ်တဲ့ ထိုင်းသမားတော် ကို ထောင် ၂ နှစ်ချ
2017.01.21

မြန်မာနိုင်ငံသား ငါးဦးကို သတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ထိုင်းနိုင်ငံသား အထူးကုသမားတော်ကို မော်လမြိုင်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
လဝကဥပဒေနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့ မုပွန်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဦး က အတည်ပြုပြောပါတယ်။
ထိုင်းနိုင်ငံသား နှလုံးနဲ့ ဆီးချိုအထူးကုသမားတော်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က သူ့ရဲ့ခြံမှာ အလုပ်လုပ်ကိုင် တဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၅ ဦးကိုသတ်ပြီး မီးရှို့ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ထိုင်းတရားရုံးက အမှုကို စစ်ဆေးနေချိန်မှာ အဲဒီသမားတော်ဟာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ထိုင်းတရားရုံး က ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံထားရသူဖြစ်ပါတယ်။
အဲဒီသမားတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မော်လမြိုင်မြို့၊ ရာမည ဟိုတယ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး မုပွန်နယ်မြေရဲစခန်းက လဝက အက်ဥပဒေ ၁၃(၁) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။