အလုပ်ထုတ်ခံရတဲ့ မြန်မာ အလုပ်သမားတွေနဲ့ ထိုင်းအလုပ်ရှင် ညှိနှိုင်းမည်


2017.04.22
thai-migrant-s1-worker-620.jpg ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ နဝနာခွန်နယ်မြေမှာရှိတဲ့ S1 စီဒီဓာတ်ပြား အလုပ်ရုံက မြန်မာအလုပ်သမား ၂၁ ယောက်နဲ့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ဧပြီလ ၂ဝ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - AAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ နဝနာခွန်နယ်မြေမှာရှိတဲ့ S1 စီဒီဓာတ်ပြား အလုပ်ရုံက မြန်မာအလုပ်သမား ၂၁ ယောက်ကို အလုပ်ထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေ၊ မြန်မာအလုပ်သမားအရေး ဆောင် ရွက်သူတွေနဲ့ အလုပ်ရှင်တို့ တွေ့ဆုံညှိနှိုင်းဖို့ ပြင်ဆင်နေပါတယ်။

လာမယ့် မေလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ အလုပ်ရှင်နဲ့ တွေ့ဆုံညှိနှိုင်း သွားမယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။

"အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးရယ်။ သူတို့ဆီက တာဝန်ရှိတဲ့သူတွေရယ်၊ သူတို့ကို အလုပ်သွင်းပေးတဲ့ ဆပ်ဘ် ကန်ထရိုက်တွေရယ်၊ ကျနော်တို့ မေလ ၅ ရက်နေ့ တွေ့ဖို့ချိန်းထားတယ်။ အဓိကကတော့ အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်တာကြောင့်ပေါ့လေ"

အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စက်ရုံကနေ တစ်ယောက်ကို ဘတ် ၄ ထောင် ( မြန်မာကျပ်ငွေ ၁ သိန်းခွဲကျော်)စီလောက် လုပ်အားခတွေရဖို့ ရှိတဲ့အတွက် အဲဒီလုပ်အားခတွေကို တောင်းဆို သွားမှာဖြစ်တယ် လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီအလုပ်သမားတွေကို အလုပ်လုပ်ခွင့် ပါမစ်လုပ်ပေးမယ်ဆိုပြီး အလုပ်ရှင်ဘက်က ဖြတ်တောက်ထား တဲ့ လုပ်အားခတွေလည်းရှိနေပြီး အဲဒီငွေတွေကိုပါ ပြန်လည်တောင်းယူသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက S1 စီဒီပြား အလုပ်ရုံက မြန်မာအလုပ်သမား ၂၁ ယောက်ကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က အလုပ်ရှင်က အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ အဲဒီ S1 စီဒီအလုပ်ရုံမှာ လုပ်သက် ၃ လကနေ ၁ နှစ်ခွဲအထိ ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။