မြန်မာ-ထိုင်းနယ်စပ် လူမှောင်ခိုပြဿနာ ပိုမိုကြီးထွားလာနေဆဲ


2017.05.11
myawaddy-620.jpg ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်းကို လူမှောင်ခိုသွင်းနေတဲ့ ပြဿနာကို နှစ်နိုင်ငံအာဏာ ပိုင်တွေ တားဆီးနှိမ်နင်းနေပေမဲ့၊ လျော့ကျမသွားဘဲ ပိုလို့သာ တိုးပွားလာနေတယ်လို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန က ပြောပါတယ်။

၂၀၁၄ ခုနှစ်ကစလို့ လူမှောင်ခိုတွေဟာ အန္တရာယ်ကြီးတဲ့ ပင်လယ်ရေကြောင်းခရီးထက် ကုန်းတွင်းလမ်းကို ပိုပြီး အသုံးပြုလာနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာကနေ ထိုင်းကို တရားဝင်သွားရောက်အလုပ်လုပ်နိုင်ဖို့ မနှစ်က နှစ်နိုင်ငံကြား သဘောတူလက်မှတ် ရေးထိုးခဲ့ပေမဲ့ မြန်မာအများစုကတော့ လိုအပ်တဲ့ ပုဂ္ဂိုလ်ရေးအထောက်အထားတွေနဲ့ပတ်သက်ပြီး အချိန် ၆ လ ကြာမြင့်တာကို မစောင့်နိုင်တဲ့အတွက် မှောင်ခိုလမ်းကိုပဲ ရွေးချယ်ကြတာများတယ်လို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

ပြဿနာက အခုအခါ လူတိုင်း လူမှောင်ခိုပွဲစား ဖြစ်နေနိုင်ကြောင်း၊ မဲဆောက်က စက်ရုံတရုံမှာရှိတဲ့ မြန်မာ အလုပ်သမားတယောက်ကလည်း မိုဘိုင်းဖုန်းတလုံးနဲ့ လူမှောင်ခိုပွဲစား ဖြစ်နေနိုင်ကြောင်း မဲဆောက် လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောပါတယ်။

မဲဆောက်မြို့ လူဝင်မှုဆိုင်ရာရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေအရ မြန်မာဘက်ကနေ ထိုင်းနိုင်ငံတွင်းကို မှောင်ခိုဝင်ရောက်လာသူအရေအတွက်ဟာ ၂၀၁၄ ခုနှစ်က နှစ်သောင်းသုံးရာကျော်ရှိခဲ့ရာက ၂၀၁၆ ခုနှစ်မှာ နှစ်သောင်းငါးထောင် နီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။ တခြားနေရာတွေကနေ မှောင်ခိုဝင်လာတဲ့ စုစုပေါင်း အရေအတွက်ကိုတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။