မြန်မာနိုင်ငံမှာ ပြသခွင့်မရတဲ့ ရုပ်ရှင်ဇာတ်ကား ထိုင်းမှာလည်း ပိတ်ပင်


2016.07.06
twilight-over-burma-620.jpg လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့် ပိတ်ပင်ခံရတဲ့ Twilight Over Burma ရုပ်ရှင်ဇတ်ကားကို တွေ့ရစဉ်
.

မြန်မာနိုင်ငံမှာ ပြသခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ထိုင်းနိုင်ငံမှာလည်း ပိတ်ပင်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြသခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ထိုင်းနိုင်ငံမှာလည်း ပိတ်ပင်လိုက်ပါတယ်။

မြန်မာ့ဆည်းဆာလို့ အဓိပ္ပါယ်ရတဲ့ Twilight Over Burma ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံမှာကျင်းပ မယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတော်ကျင်းပရေးအဖွဲ့က အဲ့ဒီရုပ်ရှင် ဇာတ်ကားကို ပြသမယ့် စာရင်းထဲက ဖယ်ရှားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ က ဖော်ပြပါတယ်။

အဲဒီဇာတ်ကားကို မပြသတော့ဘဲ ပယ်ဖျက်လိုက်တဲ့ အကြောင်းရင်းကို ပွဲတော်ကျင်းပရေးအဖွဲ့က တရားဝင် မထုတ်ပြန်ခဲ့ပါဘူး။ The Nation သတင်းစာကတော့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်မှု ရှိမယ်လို့ ပြောဆိုနေကြကြောင်း ဖေ်ပြပါတယ်။

အဲဒီ Twilight Over Burma ရုပ်ရှင်ဇာတ်ကားဟာ ရှမ်းစော်ဘွား စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် သြစတြီးယားနိုင်ငံသူ အင်ဂျီ ဆားဂျင့် Inge Sargent ရဲ့ ကိုယ်တိုင်ရေး ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိ စာအုပ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို ထိုင်းနိုင်ငံ ဇင်းမယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နဲ့ အင်းလေးကန်မှာ အဓိက ရိုက်ကူးခဲ့တာပါ။

အဲဒီဇာတ်ကားထဲမှာ အစိုးရတပ် စစ်သားတွေက ရှမ်းအမျိုးသမီးတွေကို အဓမ္မ ကျင့်ကြံတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်နေလို့ တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ပြသဖို့မသင့်တော်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အဆင့်အတန်း သတ်မှတ်ရေးအဖွဲ့က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့်စာရင်းထဲက ဖယ်ရှားခံခဲ့ရတဲ့ ရုပ်ရှင်ကား ၄ ကားရှိရာမှာ၊ Twilight Over Burma နဲ့ တရုတ်၊ ဆွီဒင်နဲ့ ပြင်သစ်နိုင်ငံတွေက ဟာသ ဇာတ်ကား ၃ ကား ပါဝင်ပါတယ်။

ထိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇူလိုင်လ ၁၂ ရက်နေ့အထိပြသမှာပါ။ ဒီအစီအစဉ်ကို ၂၀၁၃ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ ထိုင်းနိုင်ငံအခြေပြု (ဒါမှမဟုတ်) ထိုင်းနိုင်ငံမှာ တစိတ်တဒေသရိုက်ကူးခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင်ကားတွေကို ပြသနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။