မြို့ကြီးတွေမှာ အကြမ်းဖက်ဖေါက်ခွဲ တိုက်ခိုက်မှုတွေဖြစ်နိုင်
2017.09.06

နေပြည်တော် ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့အတွက် ပြင် ဆင်ဆောင်ရွက်နေတဲ့ သတင်းတွေ ရရှိထားတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ရေး ကော်မတီက စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောကိစ္စကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာစေဖို့နဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို ထောက်ခံမှု ပိုရစေဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်နဲ့ အခြားမြို့ကြီးတွေမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်ဖို့ ပြင်ဆင်နေတဲ့သတင်းကို ရရှိထားတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီလိုအကြမ်းဖက် တိုက်ခိုက်နိုင်တဲ့သတင်းတွေ ရရှိထားတဲ့အတွက် လုံခြုံရေး ဂရုပြုဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို ညွှန်ကြားထားကြောင်းနဲ့ အကြမ်းဖက်သတင်းတွေအပေါ် မူတည်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးလာနိုင်တဲ့အတွက် သတိထားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေအနေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းစုဆောင်းတာတွေ့ရင် နီးစပ်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တာဝန်ရှိသူတွေကို အမြန်ဆုံးအကြောင်းကြားဖို့နဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုသတင်းတွေကို အမြတ်ထုတ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် သွေးထိုး လှုံ့ဆော်တာတွေကို သတိပြုဖို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပမယ့်အချိန်နဲ့ အချိန်ကိုက်ပြီး မြန်မာနိုင်ငံအတွင်းပိုင်းဒေသတွေမှာ အကြမ်းဖက်ဖောက်ခွဲမှုတွေကို လုပ်ဖို့အတွက် အကြမ်းဖက်မှုတွေကို အားပေးတဲ့ ပြည်ပနိုင်ငံတစ်ခုမှာ စီစဉ်နေကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုအနေနဲ့ ARSA အကြမ်းဖက်အဖွဲ့တွေရဲ့ သတင်းနဲ့ ဖောက်ခွဲရေးအတွက် သုံးနိုင်တဲ့ အမိုနီယမ်နိုက်ထရိတ် ပုလဲ ဓာတ်မြေသြဇာ တရားမဝင် စုဆောင်းတာကိုတွေ့ရှိရင် နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းနဲ့ တပ်ဌာနချုပ်တွေကို သတင်းပေးဖို့အတွက်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်တွန်းထားပါတယ်။