နည်းပညာဖလှယ်ရေး ဆွေးနွေးပွဲ ရန်ကုန်မြို့မှာ ကျင်းပ


2014.01.13
tech-camp-305.jpg ရန်ကုန်မြို့ ICT မြန်မာအင်ဖိုတက်ခန်းမမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က စတင်ကျင်းပတဲ့ Tech Camp ခေါ် နည်းပညာဖလှယ်ရေးဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Tun Myint

မြန်မာနိုင်ငံမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ ဖလှယ်သုံးစွဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ Tech Camp ခေါ် နည်းပညာ ဖလှယ်ရေးဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့ ICT မြန်မာအင်ဖိုတက်ခန်းမမှာ ၂ ရက်ကြာ ကျင်းပနေပါတယ်။

Tech Camp ဆွေးနွေးပွဲကို နည်းပညာရှင်တွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေကြားမှာ နည်းပညာရေး ဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့အတွက် ကျင်းပရတာဖြစ်တယ်လို့ အိုင်တီနည်းပညာနဲ့ လူငယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေ အကောင်အထည်ဖေါ်နေတဲ့  MIDO အဖွဲ့ရဲ့အမှုဆောင် ဘလော့ဂါ ကိုနေဘုန်းလတ် က ပြောပါတယ်။

“နည်းပညာရှင်တွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေကြားမှာ ချိတ်ဆက်ပေးတာပေါ့၊ အကြောင်းအရာတွေကို ကျနော်တို့ စဉ်းစားတဲ့အခါမှာ အဓိကထားပြီး ဦးစားပေးတာကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေအတွက် သူတို့လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်တဲ့အခါမှာ အသုံးဝင်နိုင်မယ့် နည်းပညာမျိုးတွေပေါ့၊ အထူးသဖြင့် social media ကို သုံးပြီးတော့ ဘယ်လိုမျိုး campaign တွေ လုပ်ရမလဲဆိုတဲ့ဟာမျိုး နောက်ပြီးတော့ ကျနော်တို့ ကိုယ့်အဖွဲ့အစည်းအကြောင်းကို သူများတွေ စိတ်ဝင်စားအောင် ဘယ်လိုပြောရမလဲဆိုတာမျိုးပေါ့”

မြန်မာနိုင်ငံမှာ လူငယ်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ အိုင်တီနည်းပညာကို အသုံးပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ဘာသာရပ်တွေကို လေ့လာနိုင်ကြဖို့ ရည်ရွယ်ချက်နဲ့  " နည်းပညာဖြင့်သာ တူညီညာ စုစည်းရာ"  Tech Camp ဆွေးနွေးပွဲကို ဒီနေ့ စတင်ပြီး မနက်ဖြန်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို နိုင်ငံတကာက နည်းပညာရှင်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက နည်းပညာလေ့လာသူတွေ၊  IT ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးနေကြတာပါ။ ဒီဆွေးနွေးပွဲကို ကျင်းပရတာဟာ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့  နိုင်ငံတကာ နည်းပညာ အဖွဲ့အစည်းတွေကို ပေါင်းကူးချိတ်ဆက်နိုင်စေဖို့  ဖြစ်တယ်လို့လည်း သိရပါတယ်။

Tech Camp ခေါ် " နည်းပညာဖြင့်သာ တူညီညာ စုစည်းရာ" ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ရန်ကုန်မြို့ အခြေစိုက်  မီဒို MIDO အဖွဲ့တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။