မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမဝင် သယ်ထုတ်နေဆဲ
2012.12.22
ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်နဲ့ ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ် ဒေသအတွင်းမှာရှိတဲ့သစ်တွေကို သယ်ယူဖို့အတွက် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက လိုင်စင်မရှိတဲ့ သစ်တင်တဲ့ကားတွေ အမြောက်အများ မနေ့ကတည်းက ရောက်နေတဲ့အကြောင်း ကားသမားတစ်ယောက်က ပြောပြပါတယ်။
"သစ်လောပန်တွေက ပွင့်လင်းရာသီရောက်တဲ့အတွက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ်က နမ့်ဟန်၊ ဆီဟုန်၊ တုံဟွာရွာ၊ နမ့်ဟန်ရွာ ခေါတောရွာ၊ ရမ်းဘိုရွာ မဘိန်းမြို့နယ်နဲ့ မံစီမြို့နယ်အစပ်ကသစ်တွေကို တိုက်ဖို့ရာအတွက် တရုတ်ပြည်ကလာတဲ့ ကားတွေက တောလမ်းကနေ မဘိန်းမြို့နယ် မံစီမြို့နယ် အစပ်မှာ အစီးပေါင်း ၂ဝဝ လောက်ရောက်လာတယ်။ မနေ့က ကားတွေက သစ်တင်တဲ့ကားတွေလေ တရုတ်ပြည်ကလာတဲ့ ၁ဝ ဘီးကား ၁၂ ဘီးကား တစ်စီးဆိုရင် ၁ဝတန်လောက်တင်လို့ရတယ် တရုတ်ပြည်နောင်တောင်းကနေပြီးတော့မှ ဗမာပြည်ထဲဝင်လာခဲ့တာ"
တကယ်တော့ အရင်နှစ်တွေက အခုလိုပွင့်လင်းရာသီမှာ အဲဒီဒေသကသစ်တွေကို ကား၊ ဆိုင်ကယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ တရုတ်နယ်စပ် နောင်တောင်းမြို့အထိ နဲနဲဆီ သယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်တော့ ကားအစီးရေလဲများပြီး သစ်တွေကို အကြမ်းထည်အလုံးလိုက် သယ်ယူကြမှာလို့လဲသိရပါတယ်။
အဲဒီသစ်တွေကို ရွာသားတွေက အာဏာပိုင်တွေကနေတဆင့် တရားမဝင် ခုတ်ယူတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
"ဘယ်သူ့ခွင့်ပြုချက်နဲ့မှ မဟုတ်ဖူး တရုတ်လောပန်တွေက ဒေသခံရွာသားတွေကို ပိုက်ဆံပေးပြီးတော့ ချိန်ဆောတွေနဲ့ ကပ်ပြီးလှဲထားတာ ဘယ်သူ့မှ မပြောဘူးလေ သစ်တောတွေကို ပိုက်ဆံပေးပြီးခုတ်တယ် တာဝန်ရှိတဲ့ရဲတို့စစ်တပ်တို့၊ အဲဒီသစ်တွေက မဘိန်းမြို့နယ် အစပ်ရှိတယ် နမ့်ဟန်ရွာတို့၊ တောတွေထဲမှာ သစ်အပုံလိုက်တွေ တနေရာမှာဆိုရင် သစ်တွေက တန် ၂ဝဝ၊ တန် ၃ဝဝ အဲလိုအများကြီး၊ သံမလန်းတို့ ပိတောက်တို့ ကျွန်းတို့ သစ်ပေါင်စုံပဲလေ ရွှေကူမြို့နယ်ထဲက ကြိုးစုံတောင်လဲပါတယ်။ လဝါရွာတို့ စီပိန်းရွာတို့ အဲဒီနားတဝိုက်က အစိုးရ သစ်တောကြိုးဝိုင်းထဲက သစ်တွေပါတယ်"
အဲဒီလို သစ်တွေကို တရုတ်ကုန်သည်တွေက ဝယ်ယူနေတာနဲ့ပတ်သက်လို့ ဗန်းမော်ခရိုင် သစ်တောဦးစီးမှူးကို ဆက်သွယ်မေးကြည့်တော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတော့ အဲဒီသစ်တောတွေကို သူတို့အနေနဲ့ တရားဝင်ဝယ်တာလား ရောင်းတာလားဆိုတာ အသေအချာ သွားမကြည့်နိုင်တဲ့အကြောင်း ပြောပါတယ်။
ကျွန်းသစ်တစ်တန်ကို အဲဒီတောထဲမှာရွာသားတွေက ၄ သိန်းလောက်နဲ့ တရုတ်ကုန်သည်ထံကို ရောင်းတာဖြစ်ပြီး တရုတ်နိုင်ငံရောက်ရင် အဲဒီ ကျွန်းသစ်တစ်တန်ကို မြန်မာငွေ ၃၅ သိန်းလောက်ရတယ်လို့လဲ သိရပါတယ်။
မြန်မာနိုင်ငံက ဝယ်ပြီးတဲ့သစ်မျိုးစုံကို တရုတ်နိုင်ငံ အေးအေးဆေးဆေးရောက်ဖို့အတွက် ကိုက်ထိပ်တပ်စခန်းမှာ တာဝန်ကျနေတဲ့ တပ်မ ၉၉ အရာရှိကြီးတွေကို တရုတ်သစ်ကုန်သည်တွေက တစ်လတာ သယ်ခွင့်ရဖို့အတွက် ငွေကျပ် သိန်း ၂ဝဝဝ ပေးရတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သိရပါတယ်။
၁၉၉၄ နောက်ပိုင်းကနေ ၂ဝဝ၅ ခုနှစ်အထိ ကချင်ပြည်နယ်က သစ်တွေကို တရုတ်ကုန်သည်တွေက အလုံးအရင်းနဲ့ ဝယ်ယူခဲ့ကြပါတယ်။
အဲဒီနောက်သစ်တောတွေ ပြုန်းတီးကာ သဘာဝပတ်ဝန်းကျင်တွေလဲ ပျက်စီးကုန်တာကြောင့် ပြည်ပ NGO အဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။