တက္ကသိုလ်မူဝါဒ မူကြမ်းကို ကန့်ကွက်


2013.12.21
university_305_Z.jpg ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက မနေ့က ရန်ကုန်တက္ကသိုလ် မှာ ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်မူဝါဒ မူကြမ်းကို တက္ကသိုလ်ဆရာ/ ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့တွေက ကန့်ကွက်လိုက်ကြပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ မနေ့က ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်တက္ကသိုလ်မူဝါဒ မူကြမ်းဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်လည်အသက်သွင်း တာဖြစ်ပြီး တက္ကသိုလ်တွေကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာမတွေ့ရတာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က RFA ကိုပြောပါတယ်။

“ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဆိုပြီးတော့ အစိုးရဘက်ကနေ ပြန်ဖွဲ့ထားတဲ့ကော်မတီက တင်သွင်းတဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ ရည်မှန်းချက်မူဝါဒ လုပ်ငန်းစဉ်တွေဟာ တက္ကသိုလ်များကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတဲ့ ပုံစံမျိုးကိုမတွေ့ရဘူး၊ သူတို့ထုတ်ပြန်တဲ့ ဥပဒေမူကြမ်းကြီးတစ်ခုလုံးကို  ကျနော်တို့ လုံးဝကန့်ကွက်တယ်၊ အဲဒီကန့်ကွက်တဲ့ဟာကို ကျနော်တို့ အဖွဲ့စည်းလိုက်အနေနဲ့ ထုတ်ဖို့ရှိတယ်၊ ကျနော်တို့ စုပေါင်းကြေညာချက် ထုတ်ပြီးတဲ့အခါကျရင် ဒီကိစ္စအပေါ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်မယ်၊ ကျနော်တို့ ဒီကိစ္စအပေါ်မှာလည်း ကျနော်တို့ campaign တွေလုပ်မယ်၊ ဆရာ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေဟာ ကန့်ကွက်မှုအပေါ်မှာ အားကောင်းကောင်းနဲ့ ပါနိုင်အောင်လို့လည်း ကြိုးစားပါ”

ဒီနေ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ် ဆရာ/ ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဆွေးနွေး ပြီး ကန့်ကွက်လိုက်ကြတာပါ။

ဆရာ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေ ပူးတွဲပြီး ပညာရေးမူကြမ်းတစ်ခုကိုလည်း ရေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့လည်း ကိုစည်သူမောင်က ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်ဆရာ/ ဆရာမများအသင်းတွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ် ဆရာဆရာမများအသင်း အတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။