တောင်ကြီး မီးလောင်မှု ၁ ဦး သေဆုံး
2017.10.30

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ မနေ့ညနေက မီးပုံးပျံယမ်း ပေါက်ကွဲရာကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၄ ဦး မီးလောင်ဒဏ်ရာတွေရရှိကာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါတယ်။
မီးခိုးမွှန်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တာဖြစ်ကြောင်း ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာနမှူး ဦးစိုးနိုင်က ပြောပါတယ်။
"ဒဏ်ရာရဆေးရုံတက်တာ ၄ ယောက်ရှိတယ်ခင်ဗျ၊ မီးဟပ်တာပေါ့နော်၊ သေတာက တစ်ယောက်ပေါ့နော်၊ သေတာကကျတော့ အရန်မီးသတ်က ယာဉ်မောင်းပေါ့၊ မီးခိုးမွှန်တာနဲ့ နှလုံးရောဂါလည်း အခံရှိတယ် ပြောတယ်၊ ကျနော်တို့ ဒီနေ့ ကယ်ဆယ်ရေးကရော၊ ပြည်နယ်အစိုးရအဖွဲ့ကရော ညနေပိုင်းသွားထောက်ပံ့ဖို့ လုပ်နေတယ်ခင်ဗျ"
ချမ်းမြသာစည်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ မီးပုံးပျံယမ်းခွေမှာ စနက်ကြိုးတပ်ဆင်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၆ လုံး မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင်မယ့် ပြိုင်ပွဲဝင်အဖွဲ့တစ်ဖွဲ့က ပြိုင်ပွဲအတွက်ပြင်ဆင်နေရင်းနဲ့ မီးလောင်ကျွမ်းမှုဖြစ်တာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
မနေ့ညနေ ၅ နာရီ ၁၅ အချိန်က စတင်လောင်ကျွမ်းတာဖြစ်ပြီး ၆ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားခဲ့တာကြောင့် တစ်နာရီကျော်ကြာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ဒဏ်ရာရှိသူတွေဟာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး သူတို့ အတွက် တစ်ဦးကို ငွေကျပ် ၅ သောင်းနှုန်းနဲ့ သေဆုံးသူအတွက် ၃ သိန်းနှုန်း ထောက်ပံ့ပေးသွားမယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။
ဒါ့အပြင် နေအိမ်တစ်ခုလုံး မီးလောင်ဆုံးရှုံးသွားတဲ့ အိမ် ၅ လုံးအတွက် ငွေကျပ် ၂ သိန်းစီနဲ့ အနည်းငယ် မီးလောင်သွားတဲ့ နေအိမ် ၁ လုံးအတွက် ၁ သိန်းနှုန်း ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်တဲ့နေရာဟာ တောင်ကြီးမြို့နယ် မီးသတ်စခန်းနဲ့ ၄ မိုင်ခန့်ကွာဝေးပြီး မီးသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။