ကာတွန်းဆရာ တာတီး (ပြည်) ဖမ်းဆီးခံရ

RFA Burmese
2022.12.28
ကာတွန်းဆရာ တာတီး (ပြည်) ဖမ်းဆီးခံရ ကာတွန်းဆရာ တာတီး (ပြည်) အား တွေ့ရစဉ်။
တာတီး ပြည် ကာတွန်း

ပဲခူးတိုင်း ပြည်မြို့မှာ နေထိုင်တဲ့ ကာတွန်းဆရာ တာတီး (ပြည်) ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ ရက် မနေ့က မနက်ပိုင်းမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပြည်မြို့ ဆင်ဆုရပ်ကွက် သင်္ဘောဆိပ်လမ်းက လဝန်းသာ လက်ဖက်ရည်မှာရှိနေစဉ် အရပ်ဝတ်နဲ့ ကားတစ်စီး ဆိုက်ရောက်လာပြီး ဖမ်ဆီးခေါ်ဆောင်သွားတာလို့ ပြည်မြို့ခံတစ်ဦးက ပြောပါတယ်။

“ကာတွန်းတာတီးက ခင်ဗျားလား မေးစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ ပြည် ဒ.က.စ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ပြည်မြို့) က စစ်သားတွေလို့ သိရတယ်။ ဘာလို့ဖမ်းတာတော့ မသိဘူး။ သူက ကာတွန်းမရေးဘဲ နေတာတောင် တစ်နှစ်လောက် ရှိပြီ”

ဒီနေ့ထိ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သူက ဆိုပါတယ်။

၅၇ နှစ်အရွယ် ကာတွန်း တာတီး (ပြည်) ခေါ် ဦးအောင်ကျော်မိုးဟာ ၁၉၉၅ ခုနှစ်မှာ ကာတွန်းလောကကို စတင်ဝင်ရောက်ခဲ့ပြီး ရယ်စရာ၊ ကုမုဒ္ဒြာ၊ မော်ဒန်၊ 7 Days၊ Eleven၊ ပေါ်ပြူလာ၊ စံတော်ချိန် စတဲ့ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာစောင်တွေမှာ နှစ်ပေါင်းများစွာ တစ်ကွက်ကာတွန်းတွေ ရေးဆွဲခဲ့သူဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၁၃,၁၄၃ ဦးထိ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။