၀န်ကြီးအသစ်တွေ ပြည်သူကို မမေ့ဖို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ သတိပေး


2019.03.29
myintmaung-tanintharyi-pm.jpg

တနင်္သာရီတိုင်းဝန်ကြီးချုပ်အသစ် ဦးမြင့်မောင် လွှတ်တော်မှာ ၂၀၁၉ မတ် ၂၅ ရက်နေ့က ကတိသစ္စာပြုနေစဉ် ( Photo: Tanintharyi Regional Government FB )

tanintharyi-ministers.jpg

တနင်္သာရီတိုင်း သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီး ဒေါ်ရီရီချိုနဲ့ စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီး ဦးအောင်သူရ တို့ လွှတ်တော်မှာ ၂၀၁၉ မတ် ၂၈ ရက်နေ့က ကတိသစ္စာပြုနေစဉ် ( Photo: Tanintharyi Regional Government FB )

တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးသစ်တွေဟာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ အခက်အခဲတွေကို ကောင်းစွာ သိတဲ့လူတွေဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု တာဝန်ယူတဲ့အချိန်မှာ ပြည်သူ့တွေကိုမမေ့ဖို့ မနေ့ကကျင်းပတဲ့ တိုင်းဒေသ ကြီး လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက သတိပေးပြောကြားလိုက်ပါတယ်။

လစ်လပ်ဝန်ကြီး ၃ နေရာအတွက် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြီးနောက် ကျမ်းသစ္စာဆိုပြီး လွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအသစ်ခန့်အပ်လိုက်တဲ့ဝန်ကြီး ၃ ဦးဟာ လွှတ်တော်မှာ ၃နှစ်လောက်ဖြတ်သန်းခဲ့ပြီး ပြည်သူတွေရဲ့ လိုအင် ဆန္ဒတွေကို သိရှိတဲ့သူတွေဖြစ်တာကြောင့် ဝန်ကြီးဖြစ်တဲ့အချိန်မှာ ပြည်သူတွေကိုမမေ့ဖို့နဲ့ ပြည်သူ့ဘဏ္ဍာ သုံးစွဲရာမှာလည်း အဂတိကင်းကင်းနဲ့ ဆောင်ရွက်ဖို့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက တိုက်တွန်းပြောကြား ခဲ့ပါတယ်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ရာထူးအာဏာကို အသုံးပြုပြီး တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်ချပေးတာ၊ ပြည်သူ့ဘဏ္ဍာတွေကို လုံးထုံးလုပ်နည်းနဲ့မညီဘဲ ဆောင်ရွက်တာ စတဲ့ အချက်တွေကြောင့် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့တရားစွဲဆိုထားပြီး ဝန်ကြီးချုပ်ရာထူးကနေ ထုတ်ပယ် ခံထားရပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေကိုလည်း သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြု ထားတာကြောင့် တနင်္သာရီတိုင်းမှာ ဝန်ကြီးချုပ်နေရာအပါအဝင် လစ်လပ်နေတဲ့ဝန်ကြီးရာထူးတွေကို တနင်္သာရီတိုင်း လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ ခန့်အပ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။