အမျိုးသားဥယျာဉ်နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ပိုင်ဆိုင်မှု
2018.03.29

တနင်္သာရီတိုင်းဒေသကြီးမှာ အဆိုပြုထားတဲ့ လောညာအမျိုးသားဥယျာဉ်နဲ့ တနင်္သာရီ အမျိုးသားဥယျာဉ် စီမံကိန်းကို နယ်နိမိတ်သတ်မှတ်မယ်ဆိုရင် အဲဒီသတ်မှတ်ဧရိယာမှာပါနေတဲ့ ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေမပါအောင် ကွင်းဆင်းဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောပါတယ်။
ဝန်ကြီး ဦးမြင့်မောင်က ဒီနေ့ ပြုလုပ်တဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
"ဒီဟာတွေက အရင်ကတည်းက ကျနော်ရှေ့ပိုင်းမှာဖြေထားသလို ကြိုးဝိုင်းအဖြစ် အရင်ကတိုင် သတ်မှတ်ထား တာကြာပြီ၊ ဒါပေမဲ့ သဘာဝနယ်မြေ လုပ်ငန်းသတ်မှတ်ဖို့လုပ်ငန်းက မပျက်သေးဘူး၊ အတတ်နိုင်ဆုံး သတ်မှတ် တဲ့အချိန်ကျရင် ဒေသခံတွေနဲ့ ပြဿနာမဖြစ်အောင် ပြန်စိစစ်နေတယ်၊ အမှန်တကယ်ရှိနေတယ်ဆို ကျနော်တို့က ချန်ခဲ့မှာ အဲဒါတော့ အသေချာပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ ကြေးတိုင်းပုံစံ ၁ နဲ့ ၅ မှာလည်းပါတယ်၊ သူ လုပ်ထုံး လုပ်နည်းအရ သတ်မှတ်တယ်ဆိုလည်း ရွာမြေတွေ ထည့်လိုမရဘူး၊ ပြဿနာတတ်ကုန်မယ်၊ အကုန်လုံးကို သေသေချာချာ ကွင်းဆင်းပြီး ပြန်လုပ်ခိုင်းဖို့ရှိပါတယ်"
တနင်္သာရီမြိုနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက အဆိုပြုထားတဲ့ လေညာ အမျိုးသား ဥယျာဉ်နဲ့ တနင်္သာရီအဆိုပြုအမျိုးသားဥယျာဉ် တည်ထောင်ရာမှာ ဌာနေတိုင်းရင်းသားတွေ လူမှုဘဝအခြေအနေတွေ မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ဘယ်လိုလုပ်ကိုင်မလဲလို့ လွှတ်တော်မှာ မေးမြန်းခဲ့ တာဖြစ်ပါတယ်။
အဲဒီ အဆိုပြု တနင်္သာရီအမျိုးသားဥယျာဉ်ကို ဧကခြောက်သိန်း လေးသောင်းမှာ တည်ထောင်ဖို့ ရည်ရွယ် ထားကြောင်း ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်က သစ်တောရေးရာဝန်ကြီးဌာနက သတ်မှတ်ခဲ့တာဖြစ်ပြီး လေညာအဆိုပြု အမျိုးသားဥယျာဉ်ကို မြေဧက လေးသိန်းသုံးသောင်းကျော်မှာ သတ်မှတ်ဖို့ လျာထားခဲ့တာဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်က တနင်္သာရီ အမျိုးသားဥယျာဉ်အတွင်းမှာ ကျေးရွာ ၄၂ ရွာ ပါဝင်မှာဖြစ်ပြီး လူဦးရေ သောင်းလေးထောင်ကျော် ရှိပါတယ်။ ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှာရှိတဲ့ လေညာ အဆိုပြု အမျိုးသားဥယျာဉ်ထဲမှာကတော့ ကျေးရွာပေါင်း ၁၃ ရွာ ရှိပါတယ်။
ဒီအဆိုပြု အမျိုးသားဥယျာဉ်နှစ်ခုထဲမှာပါတဲ့ ဌာနေတိုင်းရင်းသားတွေပိုင်တဲ့ ဥယျာဉ်ခြံမြေတွေ ကျေးရွာတွေပါ ပါဝင်မှာကို ဒေသခံတွေက စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီအဆိုပြု ဥယျာဉ်နှစ်ခုကို ကြေးတိုင်အမှတ် ၅ခုနဲ့ စီစစ်ဆောင်ရွက် နေဆဲအဆင့်မှာသာ ရှိနေသေးတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး က ပြောပါတယ်။