တနင်္သာရီတိုင်းမှာ တစ်လအတွင်း ဒေသခံ ၁၉ ဦး သေဆုံး
2024.11.15

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုး စီးနင်းမှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း အောက်တိုဘာလ တစ်လတည်းမှာပဲ အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (FE5 Tanintharyi) တာဝန်ရှိသူတွေက နို၀င်ဘာလ ၁၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတာအပြင် လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေကြောင့် အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးနှစ်ဦးအပါအ၀င် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားတချို့ သေဆုံးခဲ့ရတာလည်း ရှိတယ်လို့ (FE5 Tanintharyi) တာဝန်ရှိသူ ကိုကျော်က RFA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တနင်္သာရီတိုင်းမှာ အရပ်သား သေဆုံးမှုက ၁၉ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ၁၂ ဦးက စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာတွေလည်းပါတယ်။ ကျန်တဲ့ ခုနစ်ယောက်ထဲမှာ နှစ်ယောက်ကတော့ ဒလန်ရှင်းလင်းရေးကြောင့် သတ်ဖြတ်ခံရတာပါတယ်။ ကော်သူးလေ တပ်ကနေပြီးတော့ အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါတယ်။ လက်သည်မပေါ်ဘဲ အသတ်ခံရတာ နှစ်ဦးရှိတယ် ”
အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ရွာခံ ကိုမျိုးကိုကိုနဲ့ အမည်မသိရသေးတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မြေမြှုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်ရာမှာ အလောင်းဖျောက်တဲ့ပုံစံတွေ ပိုများလာသလို မြေမြှုပ်တာ၊ ရေကန်ထဲ ပစ်ချခဲ့တာတွေကိုလည်း တောက်လျှောက်လုပ်ဆောင်လာတယ်လို့ FE5 Tanintharyi အဖွဲ့ဘက်က ပြောပါတယ်။
အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ဒေသတွေကို စစ်ကောင်စီတပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုး၀င်ရောက်တာတွေ လုပ်ဆောင်ခဲ့သလို တနင်္သာရီ၊ ပုလောနဲ့ လောင်းလုံးမြို့နယ်မှာ ရက်ရှည်တိုက်ပွဲ တောက်လျှောက်ဖြစ်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ခြောက်သောင်းကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလကလည်း စစ်ကောင်စီတပ်ရဲ့ လေကြာင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး စီးနင်းမှုတွေကြောင့် ဒေသခံ ၁၇ ဦးအထိ သေဆုံးခဲ့ပါတယ်။