တနင်္သာရီမြို့နယ်မှာ ရေကြီး


2017.01.12
tanintharyi-flooding-620.jpg တနင်္သာတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်ဒေသမှာ ရေကြီးရေလျှံဖြစ်နေတာကို ဇန်နဝါရီလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: U Tar Yar (facebook)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ မှုတွေကြောင့် ချောင်းလမုနဲ့ တောင်ပလပ်ကျေးရွာတွေမှာ နေအိမ် ၁၀၀ နီးပါးပျက်စီးသွားပြီး လူဦးရေ ၅၀၀ ကျော် ဘေးလွတ်ရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ တိုင်းဒေသကြီး ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

မိုးကြီးပြီး တောင်ကျချောင်းရေတွေကျလာလို့ အိမ်တွေရေမြုပ်သွားတာဖြစ်ကြောင်း တနသာၤရီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ ဦးစီးအရာရှိ ဒေါ်တင်တင်ချို က ပြောပါတယ်။

"အခုဖြစ်တာကကျတော့ ၁၁ ရက်နေ့ကဖြစ်တာ၊ သိန်ခွန်းကျေးရွာအုပ်စုပဲ ချောင်းလမုကျေးရွာနဲ့ တောင်ပ လပ်ကျေးရွာ ခုမိုးတွေအများကြီးရွာတယ်၊ တောင်ကျချောင်းရေတွေကျလာလို့ အိမ်တွေရေမြုပ်တာ၊ ရွာတာကတော့ ၂ ရက်လောက်ရွာလိုက်တာ၊ အခုထက်ထိ မိုးကတော့ ပြတ်သွားတယ် မဟုတ်ဘူးပေါ့နော်၊ ရွာနေတုန်းရှင့်၊ လူတွေပြောင်းရွှေ့ထားတယ်၊ ဘုန်းကြီးကျောင်းတွေနဲ့ သင့်တော်ရာတောင်ကုန်းတွေပေါ့ ၊ ပြောင်းရွှေ့ပေးထားတယ်၊ လူဦးရေစုစုပေါင်း ပထမ ၃၃၃ ယောက်၊ အခု လူဦးရေက ၁၆၉ ယောက် ထပ်တိုးတယ်ရှင့်"

အဲဒီ ရေဘေးဒဏ် ခံနေရသူတွေအတွက် ခေါက်ဆွဲခြောက်၊ ဆန်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ မိုးကာတွေ ထောက် ပံ့ပေးထားတယ်လို့လည်း ဒေါ်တင်တင်ချိုက ပြောပါတယ်။

တနင်္သာရီကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်‌မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်းမှာ အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းနေတာ ဖြစ်ပါတယ်။

အဲဒီဒေသဘက်မှာ အခုလိုမျိုး ရေကြီးရေလျှံမှုတွေ အရင်ကမဖြစ်ဖူးဘဲ ဒီတစ်ကြိမ်က ပထမဆုံး ဖြစ်တာလို့ လည်း ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ ရေနစ်မြုပ်လို့ ပြောင်းရွှေ့ရသူတွေကို တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။