ကျေးရွာသားတွေ ရိုက်နှက်မှု ထိရောက်စွာအရေးယူဟု အစိုးရကြေညာ


2017.01.03
maungtaw-villagers-beat-620.jpg ၂ဝ၁၆ ခုနှစ် နိုဝင်္ဘာလ ၅ ရက်နေ့က မောင်တောမြို့နယ် ကိုးတန်ကောက်ကျေးရွာမှာ ရွာသားတွေကို ရိုက်နှက်နေတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
Video capture from Ro Nay San Lwin's Facebook

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုးတန်ကောက်ကျေးရွာမှာ ရွာသားတွေကို အစိုးရ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်္ဘာ ၅ ရက်နေ့မှာ ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုအခွေ ပေါ်ထွက်လာခဲ့တာနဲ့ စပ်လျဉ်းပြီး ကြီးကြပ်ကွပ်ကဲသူ ၃ ဦးပြစ်မှုကျူးလွန် သူ ၄ ဦးနဲ့ အဲဒီ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တပ်သားတဦးကို အရေးယူ စစ်ဆေးနေတယ်လို့ မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၃ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။

အဲဒီ ကြေညာချက်အရ နိုဝင်္ဘာ ၃ ရက်နေ့က မောင်တောမြို့နယ် နိုရူလာရဲစခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်တိုက်ခိုက်သူတချို့ အဲဒီ ကိုးတန်ကောက်ရွာဘက်ကို ရှောင်တိမ်းသွားတယ်လို့ သတင်းရခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ထွက်ပြေးသူတချို့ကို လိုက်လံဖမ်းဆီးရင်း ခုလိုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြီးကြပ်ကွပ်ကဲမှုအတွက် တာဝန်ရှိတဲ့ ရဲမှူးတဦးနဲ့ ဒုရဲအုပ် ၂ ဦး၊ ကျေးရွာသားတွေကို ရိုက်နှက်ကန်ကျောက်ခဲ့တဲ့ ရဲတပ်သား ၄ ဦးနဲ့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ ရဲတပ်သား တဦးကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း ပြည်ထဲရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖေါ်ရေးကော်မတီ အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ရခိုင်ပြည်နယ်အရေးကိစ္စဟာ အလွန်သိမ်မွေ့ နက်နဲ ကျယ်ပြန့်ပြီး အရေးကြီးတဲ့အတွက် အခု ကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ ဒေါက်တာ ကိုဖီအနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကိုတော့ အရင်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ မောင်တောဒေသတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်း စပြုလာလျှင် နောက်ထပ် ပြဿနာအသစ်တခု ထပ်မံဖြစ်ပေါ်လာတတ်တာကို သတိရှိကြစေလိုကြောင်းနဲ့ စွပ်စွဲမှုတွေ ကို လက်တွေ့လုပ်ဆောင်ချက်နဲ့ အမှန်တရားအတိုင်း တုန့်ပြန်ရမှာ ဖြစ်ကြောင်း စသဖြင့် ပြောကြားသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။