ရှမ်းအမျိုးသမီးတစ်ဦးကို လူတစ်စုက သေနတ်ပြခြိမ်းခြောက် ဖမ်းဆီးသွား


2018.10.04
tachileik-woman-622.jpg တာချီလိတ်မြို့နယ် ဝေလေလန်ရွာက အမျိုးသမီးတစ်ဦးကို လူတစုက ၂၀၁၈ အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားတာကို CCTV မှာ မြင်ရစဉ်
ဓါတ်ပုံ - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ဝေလေလန်ကျေးရွာက အသက် ၅၀ အရွယ် ရှမ်းတိုင်းရင်းသူ တစ်ဦးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့အမှုကို ဝမ်ပုံနယ်မြေရဲစခန်းမှာ လူပြန်ပေးဆွဲမှုနဲ့ မိသားစုက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒေါ်အီနန်းဟာ နေအိမ်မှာ မနေ့က ဈေးရောင်းနေချိန်မှာ ကားနဲ့လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဝမ်ပုံနယ်မြေ ရဲစခန်းမှူး ဦးမောင်မောင်စိုး က RFA ကို ဒီနေ့ ပြောပါတယ်။

"ကျနော်တို့ အမှုဖွင့်ထားတာက ရာဇသတ်ကြီးပုဒ်မ ၃၆၅၊ ဖြစ်စဉ်ကတော့ မနေ့က မနက် ၈ နာရီလောက် နေအိမ်မှာ ဈေးရောင်းနေတဲ့အချိန်မှာ အမည်မသိ ၄ ဦးက ကားပေါ်ကနေဆင်းလာပြီးတော့ အတင်းခေါ်ဆောင် သွားတာပေါ့နော်၊ ဒါနဲ့ပတ်သက်ပြီးတော့ တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့တွေ ချိတ်ဆက်ပြီးတော့ လိုက်လံရှာဖွေပြီးတော့ ဆောင်ရွက်နေပါတယ်။"

လာရောက်ဖမ်းဆီးသွားတဲ့သူတွေဟာ ဦးထုပ်တွေ ဆောင်းထားသလို မျက်နှာကိုလည်း ပဝါတွေနဲ့ စည်းထားပြီး ဂျင်းဘောင်းဘီရှည်တွေ ဝတ်ထားကြောင်း CCTV မှတ်တမ်းတွေအရ သိရတယ်လို့လည်း ဝမ်ပုံနယ်မြေ ရဲစခန်းမှူး က ပြောပါတယ်။

အခုလို ဖမ်းဆီးခံရသူဟာ ရှမ်းအမျိုးသမီးဖြစ်ပြီး ဘယ်သူတွေက ဘယ်လိုအကြောင်းနဲ့ ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/ SSA အဖွဲ့၊ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ မိုင်းလားအဖွဲ့NDAA ၊ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေအပြင် တခြား ဒုစရိုက်ဂိုဏ်း တချို့လည်းရှိတယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။