အစိုးရအုပ်ချုပ်ပုံ အားနည်းချက်တွေရှိကြောင်း တစညပါတီပြော

2018.09.24
hanshwe-622 တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ရွှေ ကို ၂၀၁၈၊ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ပုံတွေဟာ လိုအပ်ချက်တွေရှိနေတာကြောင့် ပြည်သူတွေ လုံခြုံမှုမရှိသလို စီးပွားရေးပိုင်းမှာလည်း အားနည်းချက်တွေရှိနေကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ပါတီ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ တစည ပါတီ ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ ပါတီတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား မကျင်းပခင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားခဲ့တာဖြစ်ပါတယ်။

"NLD နဲ့ ပတ်သက်လို့ အခုဆိုရင်တော့ ၃ နှစ် နီးပါး ရှိလာခဲ့ပြီပေါ့နော်။ ကျနော်တို့ကလည်း အာဏာရ ပါတီကလည်း NLD ပါတီဖြစ်တယ်ဆိုတော့ ကျနော်တို့က ပါတီတွင်း ဒီမိုကရေစီအစဉ်အလာရ  ကျနော်တို့က အတိုက်အခံပါတီပေါ့ဗျာ။ အပိုဇေးရှင်း ပါတီ သို့သော် ကျနော်တို့ ခံယူထားတာက အပိုဇေးရှင်း ပါတီ ဆိုပေမယ့် ကျနော်တို့က ကွန်စတက်တင့် အပိုဇေးရှင်း ပါတီ အပြုသဘော အလားအလာဆောင်တဲ့ အတိုက်အခံ ပါတီအနေနဲ့ ရပ်တည်မယ့် သဘောထားရှိပါတယ်။ တစ်မျိုးသားလုံးနဲ့ ပတ်သက်တဲ့ကိစ္စ နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စ လူမျိုးနဲ့ ပတ်သက်တဲ့ကိစ္စ ပါလာရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်။ နိုင်ငံရေး သီးခြား ပြဿနာ သီးခြား ကိစ္စရပ်တွေ ကိုယ့်ဘာသာ ရပ်တည် ဆောင်ရွက်၊ နိုင်ငံ လူမျိုး တစ်မျိုးသားလုံး အရေးနဲ့ ပတ်သက်လို့  မဟုတ်တာလုပ်နေလည်း ကျနော်တို့ ကန့်ကွက်မယ်။ ဒါကျနော်တို့ ပါတီရဲ့ ကွန်စရက်တစ် အပိုဇေးရင်းဆိုတဲ့ သဘောထား ရပ်တည်ချက် ဖြစ်ပါတယ်။ ကျနော်တို့က ပထမ မျှော်မှန်းတာက ပွင့်ပွင့်လင်းလင်းပြောရင် NLD ပါတီအနေနဲ့ တပ်မတော်အစိုးရရဲ့ လက်ထက်မှာလည်း နေခဲ့တဲ့ အတွေ့ကြုံလည်း ရှိတယ်၊ ဦးသိန်းစိန် အစိုးရရဲ့ လက်ထက်မှာလည်း အတွေ့ကြုံရှိခဲ့တယ် သူအာဏာ ရလို့ရှိရင်တော့ တခါတည်း ဆက်ပေါ့။ ဒိုင်း ဒိုင်း ဒိုင်း ဒီလိုပဲ  တခါတည်းကို လုပ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီလိုပဲ ပြင်ဆင်ထားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ တကယ်ထွက်လာတဲ့အခါကျတော့ အဲလိုဟုတ်ဘူး။ စမ်းတဝါးဝါးနဲ့ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဒီအခြေအနေမျိုးတွေ ကျနော်တို့ တွေ့လာရတယ်"

တစည ပါတီဟာ NLD ပါတီအပေါ် အတိုက်အခံ ပါတီအနေနဲ့ အပြုသဘောဆောင် ထောက်ပြပေးနေတာ ဖြစ်ကြောင်းလည်း ဦးဟန်ရွှေက ပြောပါတယ်။

နေ့လည်ပိုင်းမှာတော့ ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို ကျင်းပရာမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးသမားတွေ အပါအဝင် လူဦးရေ တစ်ထောင်နီးပါး တက်ရောက်ခဲ့ပေမယ့် NLD ပါတီကိုယ်စားပြုတက်ရောက်တဲ့သူတော့ မတွေ့ရပါဘူး။

တစည ပါတီဟာ အရင်က အဖွဲ့ဝင် ၇ သိန်းလောက်ရှိပြီး လက်ရှိမှာတော့ ပါတီဝင် ၄ သိန်းလောက် ရှိတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။