မလေးရှားမှာ အသတ်ခံရ တဲ့ မြန်မာ ၅ ဦးရဲ့ မိသားစု ဝင်တွေကို ထောက်ပံ့ငွေပေးအပ်


2017.01.24
5myanmar-620.JPG မလေးရှားနိုင်ငံ ဆားဒန်းမြို့မှာ အသတ်ခံရတဲ့ မြန်မာ ၅ ဦးရဲ့ မိသားစုဝင်တွေကို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ဇန်နဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ထောက်ပံ့ငွေပေးအပ်စဉ်
Photo: Aung Thain Kha/RFA

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဆားဒန်းမြို့မှာ သတ်ဖြတ်ခံရတဲ့ မြန်မာနိုင်ငံသား ၅ ဦးရဲ့ မိသားစုဝင်တွေကို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF က ထောက် ပံ့ငွေ ကျပ် ၅သိန်းစီ ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်က ယုဇနဟိုတယ်မှာ ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် မြေပုံမြို့ နယ်ကနေ ထောက်ပံ့ငွေလာရောက်ထုတ်ယူတဲ့ သေဆုံးသူ ၅ ဦးထဲက တစ်ဦးရဲ့ မိသားစုဝင် ဒေါ်လှလှရီ က မြန်မာနိုင်ငံသားတွေ မလေးရှားနိုင်ငံကို အလုပ်သွားမလုပ်ကြဖို့ ပြောပါတယ်။

"သားကြီးက ဆင်းရဲပေမယ့်လို့ သွားတာ တစ်နှစ်ပဲရှိသေးတယ်၊ ညီတွေ၊ ညီမတွေ၊ အမေမုဆိုးမကို လုပ်ကိုင်ပေးနေတာ၊ ကိုယ့်ရွာမှာဆို နွားကျောင်းလို့ အဆင်မပြေလို့ မလေးကိုသွားခဲ့တာလေ တစ်နှစ်ပဲ ရှိသေးပါတယ်"

မြန်မာနိုင်ငံသား ၅ ဦး သတ်ဖြတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံအခြေစိုက် မြန်မာသံရုံးနဲ့ မလေးရှား ပြည်ထဲရေးဌာနတို့ ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်နေကြောင်း အဲဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ မလေးရှားနိုင်ငံသား ၁၀ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ် လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ထင်ကျော် က ပြောပါတယ်။

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီတွေဟာ လက်ရှိမှာ မလေးရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်မှု ယာယီရပ်ဆိုင်းထားပါတယ်။

ဓားနဲ့ အခုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေဟာ လျှပ်စစ်ပစ္စည်းထုပ်ပိုးတဲ့ ပုံးအခွံတွေ ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၂ သိန်းကျော်လောက် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ဓားခုတ်မှုဖြစ်တဲ့ ဆားဒန်းမြို့မှာတော့ မြန်မာလုပ်သား ၁ သောင်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။