V Gastro Bar ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာများ ရုံးထုတ်


2014.12.18
vgastro-305.jpg သာသာနာညှိုနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ V Gastro Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာတွေကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ်
Photo - Thiha Tun/ RFA

သာသာနာညှိုနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းက V Gastro Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာနဲ့ နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာတို့ကို ဒီနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာ Philip Blackwood ရဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြသွေးက စွဲချက်တင်ထားတဲ့ ဥပဒေပုဒ်မတွေအရဆိုရင် သုံးယောက်လုံး ထောင်ဒဏ်ကျခံရဖို့ရှိတယ် လို့ ပြောပါတယ်။

"ဥပဒေအရ ထောင်တော့ကျမှာပဲ၊ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့အတွက် ဖေ့ဘုတ်ပေါ်က ဗုဒ္ဓရဲ့ရုပ်ပုံကြီးကို ဒီဂျေပုံသဘောမျိုး သွားတင်ထားတာ၊ တစ်ခုက ၂၉၅-က နဲ့ စွဲချက်တယ်တယ်၊ နောက်တစ်ခုက ၁၈၈ နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်ထားတဲ့အမိန့်၊ ဆိုင်အချိန်မတော်ဖွင့်တာတို့ဘာတို့ ပြစ်မှုကတော့ ၂၉၅ ကနှစ်နှစ်၊ ၂၉၅-က လည်း နှစ်နှစ်ချနိုင်တယ်"

ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ရုပ်ပုံကို ဆိုင်ကြော်ငြာအဖြစ် အင်တာနက် လူမှုကွန်ရက် facebook မှ ပျံ့နှံ့ခဲ့ရာမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆိုင်ကိုချိတ်ပိတ်လိုက်ပြီး ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ နှစ်ဦးကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစွဲခံထားရသူတွေနဲ့ နီးစပ်သူတွေအဆိုအရ အဲဒီကြော်ငြာဟာ ပုံနှိပ်ပြီး ဖြန့်ဝေတာမဟုတ်ဘဲ အဲဒီဆိုင်မန်နေဂျာ Mr. Phillip ရဲ့ facebook မှာသာ တင်ထားခဲ့တာလို့ ဆိုပါတယ်။

V Gastro Bar ဆိုင်ပိုင်ရှင်၊ အထွေထွေမန်နေဂျာနဲ့ မန်နေဂျာတို့ကို အရေးယူပေးဖို့ ဗဟန်းမြို့နယ် မြို့နယ်သာသနာရေးဦးစီးမှူး ဦးရဲစိုးမြင့် နဲ့ဗဟန်းမြို့နယ် ရဲစခန်းမှူးက တရားလိုပြုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီအမူကို လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။