ဦးသိန်းစိန် အစိုးရ အပြောနဲ့အလုပ် မညီကြောင်း မစုစုနွေး ဝေဖန်
2011.10.13

AFP
အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ခန္တီးမြို့မှာ ရန်ကုန်ကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို စောင့်ဆိုင်းနေတဲ့ မစုစုနွေးကို RFA က ဒီကနေ့ ဆက်သွယ်ရာမှာ အခုလို ပြောဆိုလိုက်တာပါ။
"တကမ္ဘာလုံးက ကျမတို့အားလုံးက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရင် အပြောနဲ့ အလုပ် ညီတယ်လို့ ကျမ ပြောချင်ပါတယ်။"
မစုစုနွေးဟာ လာမယ့် တနင်္ဂနွေနေ့မှာ လေကြောင်းခရီးနဲ့ ရန်ကုန်မြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။
ရန်ကုန်ကို ပြန်လည် ရောက်ရှိတဲ့အခါ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်တဲ့ အထိ လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း မစုစုနွေးက ပြောပါတယ်။
"ကျန်နေခဲ့တဲ့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက်ကို ကျမတို့ ကျန်နေတဲ့သူတွေကတော့ အမြန်ဆုံး လွှတ်ပေးအောင်လို့ ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။"
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး တည်းခိုနေတဲ့ ရန်ကုန်မြို့က ဟိုတယ်တခု အနီးမှာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့မှုကြောင့် အာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။
နောက်ပိုင်း အယူခံ တင်သွင်းမှုကြောင့် ပြစ်ဒဏ်ကို ၈ နှစ်အထိ သက်ဆိုင်ရာက လျှော့ချပေးခဲ့ပြီး၊ အခု ထောင်သက် ၄ နှစ်နီးပါး အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
မစုစုနွေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |