သာယာဝတီထောင်မှာ နောက်ထပ် ၃ ဦး အစာငတ်ခံဆန္ဒပြမည်
2015.10.27

နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃ ဦးက မနက်ဖြန်ကစပြီး ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ ၃ ဦးက အစာငတ်ခံဆန္ဒပြမှုမှာ ပါဝင်မှာဖြစ်တယ်လို့ ဗကသ ကျောင်းသား ကိုသန်းထိုက်က ပြောပါတယ်။
"၂၈ ရက်နေ့ မနက်ဖြန်ပေါ့နော် ကိုအောင်မှိုင်းဆန်းနဲ့အတူ ဆန္ဒပြတဲ့တိုက်ပွဲဝင်ဖို့ ၃ ယောက် ပြင်ဆင်ထား တယ်ဗျ၊ ကျနော်ရယ် ကိုမျိုးထက်ပိုင်ရယ်၊ ကိုမျိုးမြတ်စံရယ် ကိုအောင်မှိုင်းဆန်းနဲ့အတူ တိုက်ပွဲဝင်သွာမယ်လို့ ကျနော်တို့ စီစဉ်ထားတာရှိပါတယ်"
ဗကသ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကပြီး အစာငတ်ခံဆန္ဒပြနေတဲ့အတွက် ထောင်ထဲမှာ တိုက်ခွဲခံထားရတယ်လို့ သိရပါတယ်။
လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီးနောက် သာယာဝတီအကျဉ်းထောင်မှာ လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၄ ဦးရှိပြီး အမှုရင်ဆိုင်နေရသူ ၇ဝ လောက်ရှိပါတယ်။
ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူတွေကို တရားစွဲဆိုထားတဲ့ အမှုအားလုံးကို ပယ်ဖျက်ပေးဖို့အတွက် ပဲခူးတိုင်းတရားလွှတ်တော်ထံ လျှောက်ထားမှုကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ အပြီးသတ်လျှောက်လဲ ချက် ပေးရမှာဖြစ်ပါတယ်။
ကိုအောင်မှိုင်းဆန်းရဲ့ဇနီး မလဲ့လဲ့နွယ်ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဖမ်းဆီးခံ ကျောင်းသူ ကျောင်းသားတွေကို သာယာဝတီတရားရုံးကို ဒီကနေ့ ရုံးထုတ်လာစဉ် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။