တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက နှုတ်ထွက်ရေး ဆန္ဒပြတောင်းဆို
2015.06.30

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေ တာကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသကျောင်းသားတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
တကသအဖွဲ့ဝင် ကိုဇေယျာလွင်က သူတို့ရဲ့ တောင်းဆိုချက်ကို အခုလိုပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခွင့်အာဏာ အထူးရရှိထားတဲ့ လွှတ်တော်ထဲက စစ်သား ၂၅ ရာခိုင်နှုန်း ထွက်ရှိရေးအတွက်ကို ကျနော်တို့ ဒီနေ့ဆန္ဒပြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီမှာ အခွင့်ထူးခံ လူတန်းစား ဒီတစ်စုသည် နိုင်ငံတင်မဟုတ်ဘဲနဲ့ လွှတ်တော်ထဲမှာပါ ဝင်ရောက်ချယ်လှယ်နေတာဟာ ဘယ်လိုမှ ဒီမိုကရေစီလို့ပြောလို့မရတဲ့ အခြေအနေမျိုးရောက်လာတယ်"
တကသ ကျောင်းသူကျောင်းသားတွေဟာ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ စတင်စုဝေးကြပြီး မြို့တော်ခန်းမရှေ့အထိ ချီတက်ခဲ့ကြပါတယ်။
ကျောင်းသားတွေကို ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်လောက်က အနော်ရထာလမ်းမမှာ နှစ်ကြိမ်ပိတ်ဆို့တားမြစ်ခဲ့ ပါတယ်။ ကျောင်းသားတွေက ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားက ဖောက်ထွက်ပြီး မြို့တော်ခန်းမရှေ့အထိ အရောက်ချီတက်ခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ တကသအဖွဲ့ဝင်တွေနဲ့ အခြားကျောင်းသားလူငယ် ၃၀ ကျော်ပါဝင်ခဲ့ပါတယ်။
ဆန္ဒပြပွဲအကြောင်း RFA အဖွဲ့သူ မခက်မာတင်ပြထားတာ နားဆင်နိုင်ပါတယ်။