ကျောင်းသားနဲ့ သံဃာ တညီတညွတ် ရပ်တည်
2011.12.09

၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင် တချို့က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
၂ဝဝ၇ ဗကသ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုမင်းသွေးသစ်ကတော့ ကျောင်းသားတွေဟာ ပါတီနိုင်ငံရေး ဆိုတာထက် အမျိုးသားနိုင်ငံရေး လုပ်သွားဖို့ ပိုပြီး စိတ်အားထက်သန်သူတွေ ဖြစ်ကြောင်း ပြောပါတယ်။
“နိုင်ငံရဲ့ လက်ရှိ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရွေးကောက်ပွဲဝင်မယ် ဆိုတာကို ကျနော်တို့က ဘာမှ ကန့်ကွက်စရာ မရှိဘူး။ NLD ကို ဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံပေးမယ်။ တချက်ရှိတာက နိုင်ငံရေးအသိုင်းအဝိုင်းမှာနဲ့ နိုင်ငံတကာမှာ ကြားနေရတာက ၈၈ မျိုးဆက်ကျောင်းသားတွေထဲက ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ ကိစ္စပေါ့။ ကျနော်တို့ ချထားတဲ့မူက ၁၉၆ဝ ဗကသ ရဲ့ ၆ ကြိမ်မြောက် ညီလာခံမှာ ကတည်းက ချထားတဲ့ စည်းကမ်းတွေအရ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ်ဆိုတဲ့အတွက် ၈၈ မျိုးဆက်က ရွေးကောက်ပွဲမဝင်ဖို့အတွက် ကျနော်တို့ ဗကသ ကလည်း ၈၈ နောင်တော်တွေနဲ့ အတူတူ ရှိတယ်ဆိုတာကို ကြေညာချက် ထုတ်တာပါ”
အလားတူပဲ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုရဲ့ သဘောထားကို ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဓမ္မသီရီက အခုလို မိန့်ပါတယ်။
“ဦးဇင်းတို့ရဲ့ ဦးဆောင်သူတွေ ဖြစ်တဲ့ ဦးဂမ္ဘီရတို့၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ အကျဉ်းထောင် အသီးသီးထဲမှာ ရှိနေတယ်။ သူတို့တွေ အပြင် ပြန်မရောက်သေးဘဲနဲ့ ဦးဇင်းတို့က ဘယ်နိုင်ငံရေးပုံစံ လမ်းကြောင်းပေါ်ကိုမှ လျှောက်လှမ်းမှာ မဟုတ်ဘူး။ ဘာလို့လဲဆို အဲဒီလိုသာ ပုံဖော်သွားမယ် ဆိုရင် သူတို့ရဲ့သမိုင်းစာမျက်နှာတွေကို ချန်လှပ်ထားခဲ့သလို ဖြစ်မယ်၊ သူတို့ကို စော်ကားသလို ဖြစ်မယ်။ သူတို့ ထွက်လာမှသာလျှင် နိုင်ငံရေးပုံစံသစ်ကို ဦးဇင်းတို့က သူတို့နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ပုံဖော်လို့ ရမှာပါ”
ဒီကနေ့ ထုတ်ပြန်တဲ့ ၂ဝဝ၇ ဗကသရဲ့ ကြေညာချက်မှာရော၊ သံဃာ့တပ်ပေါင်းစုရဲ့ ကြေညာချက်မှာပါ မြန်မာ့နိုင်ငံရေး ပြေလည်စေဖို့ ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သံဃာ့ ခေါင်းဆောင်တွေကို အမြန် ပြန်လွှတ်ပေးရေးဟာ အရေးကြီးကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။