မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်း သတိပေး
2017.01.04

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ မုန်တိုင်း ငယ်အဖြစ် ရောက်ရှိနိုင်ပြီး ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ လေဖိအားနည်းရပ်ဝန်း အခြေအနေသာရှိပြီး မုန်တိုင်းငယ်ဖြစ်လာတဲ့အခါ ဝင်ရောက်နိုင်တဲ့ဒေသတွေကို အသေချာပြောနိုင်မှာဖြစ်တယ်လို့ ဦးကျော်မိုးဦး က ပြောပါတယ်။
"ဒါပေမဲ့ လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်းပဲ ဖြစ်နေသေးတယ်ဆိုတော့ မုန်တိုင်းဖြစ်ပြီးတော့မှ ဘယ်ကိုဦးတည်နေတယ်ဆိုတာ ပြောဖို့စောတယ်ပေါ့။ အခြေအနေက အမြဲပြောင်းလဲနေတာမျိုးတွေ ရှိတယ်ပေါ့။ အဓိကကတော့ မုန်တိုင်းအဆင့်ကို ရောက်သွားပြီဆိုရင်တော့ ဒါဘယ်ကို ဦးတည်တယ်ဆိုတာ ပြောလို့ရ တယ်ပေါ့နော်။ အခုလောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်း ဖြစ်တဲ့အခြေအနေကနေ ထုတ်ထားတာဖြစ် တဲ့အကြောင့်မို့လို့ ၆ ရက်နေ့လောက်ဆို ပိုအားကောင်းလာနိုင်မယ်။ မုန်တိုင်းငယ်အဖြစ် ရောက်လာနိုင်တယ်။ ၉ ရက် ၁၀ ရက်မှာတော့ မြစ်ဝကျွန်းပေါ်ကို ဦးတည်နေတဲ့ အနေအထားကို တွေ့ရတယ်။"
ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုန်တိုင်းဖြစ်ပေါ်မှုဟာ ဇန်နဝါရီလအတွင်းမှာ ဖြစ်ပေါ်တာနည်းလေ့ရှိတယ် လို့လည်း ပြောပါတယ်။
ဒီရက်ပိုင်းမှာတောင် တရုတ်ပြည်မကြီးက ဆင်းသက်လာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီနဲ့ ကယားပြည်နယ်တွေမှာ မိုးရွာနေပါတယ်။