မုန်တိုင်း တိမ်းရှောင် သူတွေ နေရပ်ပြန်


2016.10.26
storm-refugees-620.jpg ဧရာဝတီတိုင်း လပွတ္တာမြို့ကနေ နေရပ်ပြန်သူတွေကို အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Teinyan Moe/ Facebook

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်မှု မရှိတော့တာကြောင့် ဧရာဝတီတိုင်းဒေသကြီးက လပွတ္တာ၊ မော်လမြိုင်ကျွန်းနဲ့ ဟိုင်းကြီးကျွန်းမြို့တွေက မုန်တိုင်းတိမ်းရှောင်နေသူတွေကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ နေရပ်ပြန်လည်ပို့ဆောင်နေပြီဖြစ်ပါတယ်။

ဒီနေ့မနက် ၆ နာရီကစတင်ပြီး နေရပ်ပြန်ပို့ဆောင်နေပြီလို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှု နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

"Cyclone Shelter တွေနဲ့ ဘေးကင်းတဲ့နေရာတွေမှာ ထားတဲ့သူတွေကို ဒီနေ့မနက် ၆နာရီကစပြီး နေအိမ်တွေ ကို ပြန်သွားခွင့်ပြုထားပြီးပြီ" လို့ ပြောပါတယ်။

မုန်တိုင်းဝင်ရောက်နိုင်မယ်လို့ သတိပေးထုတ်ပြန်ထားတဲ့ လပွတ္တာမြို့နယ်က လူဦးရေ ၄ထောင်ကျော်၊ မော်လမြိုင် ကျွန်းက လူဦးရေ ၅ ထောင်နီးပါး၊ ဟိုင်းကြီးကျွန်းက လူဦးရေ တစ်ထောင်ကျော်တို့ကို နေရပ်ကိုပြန်လည် ပို့ဆောင်နေတာဖြစ်ပါတယ်။

ငါးဖမ်းသဘောၤတွေနဲ့ ရေယာဉ်တွေကိုလည်း ပြန်လည်ပြေးဆွဲခွင့်ပြုကြောင်း မနေ့က တရားဝင်စာ ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ "ကြံ့" အမည်ရှိတဲ့ မုန်တိုင်းဟာ မြန်မာကမ်းရိုးတန်းဘက်ကို ဦးတည်ခြင်းမရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်လိုက်ပြီလို့  မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။