မုံးရင်ကျေးရွာအနီးမှာ SSPP/ TNLA ပူးပေါင်းအဖွဲ့နဲ့ RCSS တို့ စစ်ရေးတင်းမာနေ


2018.10.24
sspp-tnla-622.jpg နမ္မတူမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ tnla/sspp ပူးပေါင်းစစ်ကြောင်းတစ်ခုကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မုံးရင်ကျေးရွာတဝိုက်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ကစပြီး ရှမ်းပြည် တပ်မတော် SSPP/SSA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းစစ်ကြောင်းနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးတင်းမာနေပြီး ဒီနေ့မနက်က လက်နက်ကြီးပစ်ခတ်သံတွေ ကြားရ တယ်လို့ မုံးရင်ကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့မနက်က ပစ်ခတ်မှုဟာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်တာ မဟုတ်သေးဘဲ RCSS တပ်ဖွဲ့ဝင်တွေ မုံးရင်းရွာဘက် တက်လာတာကို ခြောက်လှန့်ပစ်ခတ်တာလို့ သိရပါတယ်။

RCSS တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သုံးရက်လောက်ထဲက မုံးရင်းကျေးရွာအနီးတစ်ဝိုက်ကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီကျေးရွာတဝိုက်မှာရှိနေတဲ့ SSPP/ TNLA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပြီး ဒေသခံအချို့ဟာ နီးစပ်ရာဆွေမျိုးတွေရှိတဲ့ လားရှိုး၊ နမ္မတူ၊ သီပေါမြို့တွေဘက်ကို တိမ်းရှောင်နေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

နမ္မတူမြို့နယ် မုံးရင်ကျေးရွာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားဖို့ အချက်အခြာကျတဲ့ နေရာဖြစ်ပြီး အရင်က အဲဒီကျေးရွာတဝိုက် တပ်မတော်၊ SSPP/SSA၊ TNLA တပ်တွေ အဓိကလှုပ်ရှားနေတဲ့ ကျေးရွာလည်းဖြစ် ပါတယ်။

မုံးရင်ကျေးရွာတစ်ဝိုက်မှာ စစ်ရေးတင်းမာနေသလို အောက်တိုဘာလ ၂၃ ရက်နေ့ မနေ့ညနေ ငါးနာရီကနေ ခုနှစ်နာရီအထိ RCSS တပ်ဖွဲ့တွေနဲ့ SSPP/TNLA ပူးပေါင်းအဖွဲ့တွေ သီပေါမြို့နယ် လွယ်လန့်တောင်ကြောတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပြီး RCSS သတင်း ပေ့ချ်ဖြစ်တဲ့ တိုင်းဖရီဒွန်းမှာ လည်း တိုက်ပွဲအခြေအနေတွေကို ဖော်ပြထားပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့စက်တင်ဘာလအတွင်းကလည်း အခုလိုပဲ RCSS နဲ့ SSPP/TNLA ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ထောင်နဲ့ချီပြီး မကြာခဏ စစ်ဘေး တိမ်းရှောင်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။