စစ်ရေးတင်းမာမှု လျော့ချရေး SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေး


2013.04.04

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲက လွယ်လန်းနဲ့ လွယ်စေးဒေသတစ်ဝိုက်မှာ SSPP/SSA  ရှမ်းပြည်မြောက်ပိုင်းတပ်တွေနဲ့ အစိုးရတပ်တွေအကြား မတ်လ ၂၅၊ ၂၆ ရက်တွေက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

SSA မြောက်ပိုင်းတပ်စခန်းတွေ ဆုတ်ခွာပေးဖို့ နယ်မြေခံတပ်တွေက ပြောဆိုလာတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်တွေနဲ့ SSPP ခေါင်းဆောင်တွေဟာ ဧပြီလ ၃ ရက်နေ့က လားရှိုးမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

လားရှိုးမြို့၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်မှာရှိတဲ့ ရွှေလီရိပ်သာမှာ မနေ့က ညနေ ၄ နာရီကနေ ၆ နာရီအထိ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ SSA ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက RFA ကို ပြောပါတယ်။

"ကျနော်တို့ မနေ့ကတွေ့ဆုံပွဲမှာ တန့်ယန်းမြို့နယ် အရှေ့မြောက်ပိုင်း စစ်ဌာနချူပ် လက်အောက်ခံ တပ်ရင်းတွေနဲ့ဖြစ်နေတဲ့ ပစ်ခတ်မှုတွေပေါ့၊ အဲ့ဒါကို အဓိကကျနော်တို့ တင်ပြပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တယ်၊ တိုက်ပွဲတွေ ပစ်ခတ်မှုတွေဖြစ်ရတဲ့ အကြောင်းအရင်းက ကျနော်တို့ကနေပြီးတော့ တပ်မတော်စစ်ကြောင်းကို ဝင်တိုက်တာမျိုးမရှိဘူး၊ ဖြစ်နေတဲ့တိုက်ပွဲက နယ်မြေရှင်းလင်းရေးလုပ်တာတို့ ကျနော်တို့ တပ်အခြေပြုထားတဲ့ တောင်ကုန်းတွေကို ဖယ်ရှားခိုင်းပြီးတော့ အဲ့ဒီကိစ္စရပ်တွေကြောင့် ကျနော်တို့ ပစ်ခတ်မှုတွေဖြစ်တယ်လေ၊ အဲ့ဒီ ပစ်ခတ်မှုဖြစ်ရတဲ့ဖြစ်စဉ်တွေ ကျနော်တို့နယ်မြေထဲမှာ ရောက်နေတဲ့တပ်တွေ ရုတ်သိမ်းပေးဖို့ အဲ့ဒါကို ကျနော်တို့တောင်းဆိုတယ်လေ"

ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ဝန်ကြီး ဦးအောင်မင်းအနေနဲ့ ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ပြောဆိုထားပေမယ့် အခြားအလုပ်ကိစ္စတွေကြောင့် မလာရောက်နိုင်ခဲ့ပဲ အမှတ် ၂  လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်အပါအဝင် စစ်ဦးစီးအရာရှိတချို့ တက်ရောက်ခဲ့ပြီး SSPP ဖက်ကတော့ အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်း ဦးဆောင်တဲ့အဖွဲ့ဝင် ၄ ဦး ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာနေထိုင်နေကြရတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူ ၈၀၀ ဝန်းကျင်ခန့်ဟာ လက်ရှိဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်တာကြောင့် အမြန်ဆုံးမိမိဒေသမှာ ပြန်လည်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် တိုက်ပွဲတွေထပ်မဖြစ်အောင် တောင်းဆိုခဲ့ပေမယ့် တိကျတဲ့အဖြေမရခဲ့ဘူးလို့ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

"သူတို့ကတော့ အဲ့ဒီကျနော်တို့ တင်ပြတဲ့ကိစ္စရပ်တွေကို နောက် အဲ့ဒီ ပြသနာတွေ မကြီးထွားဖို့ သမ္မတကလည်း သူတို့ကို ညွှန်ကြားခဲ့တာပေါ၊့ အဲ့ဒီကိစ္စရပ်တွေဖြေရှင်းဖို့ အဲ့ဒီနှစ်ဖက်တပ်တွေ ထိန်းသိမ်းနိုင်ဖို့ တိုင်းတွေဆီလည်း သူတို့ပြောပေးပါ့မယ်၊ သမ္မတဆီကိုလည်း သူတို့တင်ပြပေးမယ်ပေါ့၊ လောလောဆယ်ဖြစ်နေတာက သူတို့အပစ်တော့ ရပ်ထားခိုင်းတယ်လေ၊ ဟို တိကျတဲ့အဖြေမျိုးတော့ မရသေးပါဘူး၊ ဘာလို့လည်းဆိုတော့ သူတို့လည်း အဲ့ဒီသမ္မတဆီ တင်ပြရအုံးမှာပေါ့"

တဆက်တည်းမှာပဲ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်အနေနဲ့ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး  ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် ချုပ်ဆိုကတည်းက နှစ်ဖက်သဘောတူခဲ့တဲ့ ခနောက်စိမ်းနဲ့ ကျောက်မီးသွေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်ကိစ္စပါ ထည့်သွင်းဆွေးနွေးခဲ့ပေမယ့် အခုအချိန်ထိ လုပ်ကိုင်ခွင့်အတွက် အဖြေတစ်စုံတစ်ရာမရသေးပဲ ဖြစ်နေတယ်လို့သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။