အရှေ့တောင်အာရှနိုင်ငံအများစု စံချိန်တင်မြင့်မားတဲ့ အပူချိန်ကို ရင်ဆိုင်နေရ
2024.04.29

ဒီနှစ်အတွင်း စံချိန်တင်မြင့်မားတဲ့ အပူချိန်ကို အရှေ့တောင်အာရှနိုင်ငံတော်တော်များများ ရင်ဆိုင်နေရပြီး အပူဒဏ်ကြောင့် သေဆုံးတာတွေလည်း ရှိနေတယ်လို့ CBC သတင်းက ဧပြီလ ၂၉ ရက်နေ့က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ မကွေး၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ခုနှစ်မြို့နယ်မှာ စံချိန်တင်ပူပြင်းခဲ့ပါတယ်။ ကမ္ဘာ့အပူဆုံးစာရင်းမှာ ပါဝင်တဲ့ မကွေးတိုင်း ချောက်မြို့မှာဆိုရင် ဧပြီလ ၂၈ ရက်နေ့က အပူချိန် ၄၈.၂ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၁၈.၇ ဒီဂရီဖာရင်ဟိုက်) အထိ ရှိခဲ့ပါတယ်။
ဒါဟာ ၄၇.၄ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ပူပြင်းခဲ့တဲ့ ၁၉၆၈ ခုနှစ်က အပူချိန် စံချိန်ကို ကျော်သွားခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာ တစ်လခွဲနီးပါးအတွင်း လူ အယောက် ၁၅ဝ လောက် သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ အစိုးရကျောင်းပေါင်း ၄၇ဝဝဝ ကျော်က ကျောင်းသားတွေ အပူချိန်မြင့်မားချိန်အတွင်း ကျောင်းမလာဘဲ အွန်လိုင်းကတစ်ဆင့် စာသင်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။ အပူလွန်ကဲတာကြောင့် ဖိလစ်ပိုင်မှာ အနည်းဆုံး လူ ၃၄ ဦး ဖျားနာခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာလည်း နှစ်ပေါင်း ၁၇ဝ အတွင်း အပူချိန်အမြင့်ဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မိုးလေဝသဌာန ပြောခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ အမြင့်ဆုံး အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်းက ပြည်နယ်တချို့မှာ အပူချိန် ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်နေပြီး မနှစ်ကထက် အပူချိန် ပိုမြင့်မယ့်အပြင် မိုးရွာသွန်းချိန် နည်းပါးမယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းပါတယ်။ အပူဒဏ်ကြောင့် ဒီနှစ်အတွင်း အနည်းဆုံး လူ ၃ဝ သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ၊ ရောဂါထိန်းချုပ်ရေးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဒီလအစောပိုင်း ငါးရက်တာကာလအတွင်း အပူလှိုင်းကြောင့် အနည်းဆုံး လူ ၂ဝ သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။