ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဗကသအဖွဲ့၀င်ရဲ့ မိဘနှစ်ဦး အသတ်ခံရ

2022.10.04
ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဗကသအဖွဲ့၀င်ရဲ့ မိဘနှစ်ဦး အသတ်ခံရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ်။
Photo: All Burma Federation of Student Unions

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့၀င် ကိုစန်းမင်းပိုင်ရဲ့ မိဘနှစ်ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အသတ်ခံရသူတွေဟာ ၅၈ နှစ်အရွယ်တွေဖြစ်ကြတဲ့ ဦးစန်းမြင့်နဲ့ ဒေါ်သီသီစိုး တို့ဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၃ ရပ်ကွက်က နေအိမ်မှာပဲ အသတ်ခံခဲ့ရတာလို့ သေဆုံးသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"ညနေ ၆ နာရီခွဲလောက်မှာ ကားဖြူတစ်စီးနဲ့ လူတွေရောက်လာတယ်။ ချက်ချင်း ပစ်တာမဟုတ်ဘူး။ အိမ်ရှေ့မှာ ကားရပ်ထားတယ်။ အိမ်ထဲဝင်ပြီး စကားခဏ ပြောပြီးတော့မှ ပစ်သတ်သွားတာ။ ကားပေါ်ကပါလာတဲ့ လူအရေအတွက်ကတော့ အတိအကျ မသိလိုက်ဘူး။ နှစ်ဦးစလုံး ပွဲချင်းပြီး သေသွားတယ်"

အဲဒီပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လာရောက်ရှာဖွေတာ လုပ်ဆောင် ခဲ့တယ်လို့ သူကပြောပါတယ်။

သေဆုံးသူ ဦးစန်းမြင့်နဲ့ ဒေါ်သီသီစိုးတို့ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၁ ရက်နေ့က ကျီစုသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီတပ်သားတွေက စောင့်ကြည့်ဖမ်းဆီးတာ၊ ပုဒ်မမျိုးစုံတပ်ပြီး ပြစ်ဒဏ်ချတာတွေအပြင် နေအိမ်တွေ ချိပ်ပိတ်ခံရတာ‌တွေပါ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာရှိတဲ့ ပျူစောထီးတွေက လုပ်ခဲ့တာလို့ ရပ်ကွက်နေသူတွေ ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကိုစန်းမင်းပိုင်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဖမ်းဆီးခံထားရပြီး လူငယ်ထိန်းသိမ်းရေးစခန်း မှာ ပြစ်ဒဏ်ချခံထားရချိန် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ကိုစန်းမင်းပိုင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။