အမေရိကန် လုပ်ငန်းရှင်ကြီး မြန်မာ့လူမှုရေး လုပ်ငန်းများ တရားဝင် ဆောင်ရွက်မည်
2012.01.05
သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာပါ။
မြန်မာ့ဒီမိုကရေစီရေး အတွက် လှူဒါန်း ကူညီနေတဲ့ မစ္စတာ ဆိုးရော့စ်ဟာ အလှူရှင် တစ်ယောက် အနေနဲ့ ဘာတွေ ဆောင်ရွက်နိုင်မလဲ ဆိုတာ ကြည့်ရှုလေ့လာဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံကို ပိတ်လှောင်ထားတဲ့ လူ့အဖွဲ့အစည်း အဖြစ်ကနေ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း အဖြစ် အသွင် ကူးပြောင်းရေးမှာ ကူညီဖို့ မြန်မာပြည်တွင်းမှာ တရားဝင် လုပ်ငန်းဌာနတစ်ရပ် ထူထောင်ဖို့ စီစဉ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း မစ္စတာ ဆိုးရော့စ်က ပြောဆိုပါတယ်။
မစ္စတာ ဆိုးရော့စ်က မြန်မာ့ဒီမိုကရေစီရေး အတွက် နှစ်ပေါင်း ၂၀ လောက် ကူညီ ထောက်ပံ့ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဖြစ်ကြောင်း၊ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို လမ်းညွှန်အဖြစ် ဆက်လက် ခံယူနေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ မစ္စတာ ဂျော့ ဆိုးရော့စ်ဟာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်က ဇန်နဝါရီ ၃ ရက်အထိ နေထိုင်ခဲ့ပါတယ်။