အွန်လိုင်းပေါ်က ရုပ်ရှင်ကား ထုတ်လွှင့်မှုတွေကို စစ်ကောင်စီ တင်းကျပ်
2024.03.15
ဆက်သွယ်ရေးကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်တဲ့ လုပ်ငန်းတွေ မှတ်ပုံတင်ဖို့နဲ့ ရုပ်ရှင်ကားတွေ မထုတ်လွှင့်ခင် စိစစ်ရေးအဖွဲ့ကို တင်ပြဖို့ဆိုပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြီး တင်းကျပ်လိုက်ပါတယ်။
“ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်” ဆိုပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှာ လုပ်ငန်းမှတ်ပုံတင်ရမှာဖြစ်ပြီး မှန်ပုံတင်ကြေး တစ်နှစ်စာ နှစ်သိန်းပေးသွင်းရမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တစ်ခါမှတ်ပုံတင်ပြီးရင်တော့ တစ်နှစ်ကို တစ်သိန်းနှုန်း ငွေပေးသွင်းပြီး သက်တမ်းတိုးရမယ်လို့လည်း ဆိုပါတယ်။
မှတ်ပုံတင်ပြီးလို့ ရုပ်ရှင်ကားတွေ ထုတ်လွှင့်တော့မယ်ဆိုရင်လည်း မလွှင့်ခင်မှာ စိစစ်ရေးအဖွဲ့ကို တင်ပြရမှာဖြစ်ပြီး စိစစ်ခအနေနဲ့ ရုပ်ရှင်တစ်ကားစာကို ငွေကျပ်တစ်ထောင်ကနေ နှစ်ထောင်အထိ ပေးဆောင်ရမယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြပါတယ်။
အခုထုတ်ပြန်ထားတဲ့ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းအောက်မှာ ရုပ်ရှင်၊ ဗီဒီယို၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ ဖျော်ဖြေရေးကားနဲ့ ပညာပေးကား စတာတွေ ပါဝင်ပါတယ်။
ဒီကန့်သတ်ချက်တွေဟာ အွန်လိုင်းပေါ်က ရုပ်ရှင်တွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ပြင်ဆင်လာတာဖြစ်သလို၊ မလွှင့်ခင် အရင်တင်ပြရမယ်ဆိုတဲ့ ဆင်ဆာစနစ်အောက်ကို ထည့်လိုက်တာကလည်း စစ်ကောင် စစ်ကောင်စီက သူတို့ အလိုမရှိတဲ့ ဖန်တီးမှုမျိုးတွေ ကန့်သတ်ဖို့အတွက် လုပ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူး၊ ထုတ်လုပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
စစ်ကောင်စီကို ထိခိုက်စေတယ်လို့ယူဆတဲ့ ရုပ်ရှင်မှန်သမျှကို ဆင်တာဖြတ်တောက်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ မှတ်ပုံတင် လက်မှတ်မရှိဘဲ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့လုပ်ငန်းကိုလုပ်ရင် အရေးကြီး ကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေအရ တရားစွဲဆိုမယ်လို့ အခုမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။