TNLA တပ်သားသစ်အဖြစ် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ SNLD တောင်းဆို
2016.12.13

တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကွမ်ရွာက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တွေနဲ့ ကျေးရွာသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပန်ကွမ်ရွာသား ၂၄ ယောက်ကို TNLA အဖွဲ့က တပ်သားသစ်စုဆောင်း ဖို့ ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ SNLD ပါတီဝင်တွေလည်း ပါသွားတယ်လို့ SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
''ဒီဇင်ဘာ ၁၀ ရက်နေ့ ညမှာပေါ့နော်၊ TNLA အဖွဲ့က ပန်ကွမ်ရွာထဲကို ဝင်လာပြီးတော့ ရွာသားတွေကို တပ်သားသစ်လုပ်ဖို့ဆိုပြီးတော့မှ အတင်းအကြပ်ခေါ်ဆောင်သွားပါတယ်၊ အဲဒီမှာ ကျွန်တော်တို့ပါတီဝင် ၅ ဦးအပါအဝင် ရွာသားတွေ ၂၄ယောက်ပေါ့နော် ပါသွားပါတယ်ခင်ဗျ၊ အဲဒီလူတွေကို ဘယ်ဆီကို ခေါ် သွားတယ်ဆိုတာ မသိဘူး၊ ဒါပေမဲ့ ကျန်ရှိခဲ့တဲ့ သူတို့ရဲ့မိသားစုဝင်တွေက ကျနော့်ကို လှမ်းအကြောင်း ကြားတယ်''
TNLA က ကန်ကွမ်ရွာသား ၂၁ ယောက်ကို တပ်သားသစ်အဖြစ်စုဆောင်းခဲ့တာဟာ ဟုတ်မှန်ကြောင်းကို TNLA က ဗိုလ်မှူးကြီး တာ့ဖုန်းကျော် က ပြောပါတယ်။
''ပန်ကွမ်ရွာဆိုတာ ကျွန်တော်တို့ တအာင်းပလောင်ရွာပါ၊ အဲဒီရွာမှာ တပ်သားသစ်အဖြစ် တာဝန် ထမ်းဆောင်ဖို့ တာဝန်ကျတဲ့သူတွေကို တပ်သားသစ်အဖြစ် စုဆောင်းတာဖြစ်တယ်၊ ကျနော်တို့ တအာင်းပလောင်လူမျိုးကိုပဲ တပ်သားသစ်အဖြစ် စုဆောင်းတာဖြစ်တယ်၊ SNLD ကတော့ အဲဒါကို သူတို့ရဲ့ ရှမ်းရွာလို့ သတ်မှတ်ပြီး ကြေညာချက်ထုတ်တယ်လို့ ယူဆပါတယ်၊ ကျွန်တော်တို့က ၂၁ ဦးပါ ''
ပန်ကွမ်ရွာသားတစ်ချို့လည်း နောက်ထပ် အဖမ်းခံရမှာစိုးရိမ်တဲ့အတွက် ကျောက်မဲမြို့ပေါ်ကို ထွက် ပြေးလာကြရ တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
TNLA အဖွဲ့အနေနဲ့ နိုင်ငံရေးအရလှုပ်ရှားနေရာမှာ အစိုးရ၊ တပ်မတော်နဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်ပြီး အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မယ့်လုပ်ရပ်မျိုးတွေကို လုပ်နေမယ်ဆိုရင်တော့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကို မဆို SNLD ပါတီအနေနဲ့ ကန့်ကွက်ရှုတ်ချမှာဖြစ်တယ်လို့ ဦးစိုင်းလိတ် က ပြောပါတယ်။