ငွေလိမ်လုပ်ငန်းတွေက ယူဂန်ဒါနိုင်ငံသား ခြောက်ဦး နေရပ်ပြန်ရောက်
2025.03.09

လူကုန်ကူးခံရပြီး မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ ယူဂန်ဒါနိုင်ငံသား ခြောက်ဦး မတ်လ ၉ ရက်နေ့က နေရပ်ပြန်ရောက်လာကြောင်း ယူဂန်ဒါ Monitor သတင်းဌာနက ဖော်ပြပါတယ်။
အဲဒီယူဂန်ဒါနိုင်ငံသားခြောက်ဦးဟာ ငွေလိမ်လုပ်ငန်းတွေမှာ တစ်နှစ်ကျော် (၁၃ လ) ထိန်းသိမ်းခံခဲ့ရတာလို့ဆိုပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေ နေရပ်ပြန်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ ယူဂန်ဒါသံရုံးနဲ့ Hope Cry International (HCI) တို့ ပူးပေါင်းကူညီပေးခဲ့တာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။ အဲဒီ ယူဂန်ဒါနိုင်ငံသားတွေ လူကုန်ကူးခံရတဲ့ နေရာအတိအကျကိုတော့ ပြောဆိုထားတာမရှိပါဘူး။
ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ သွေးဆောင်ဖျားယောင်းတဲ့ အေးဂျင့်တွေ ယူဂန်ဒါမှာ ရှိနေပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ယူဂန်ဒါအစိုးရကို တိုင်ကြားထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ယူဂန်ဒါသံအမတ်ကြီး Ms.Bety Bigombe က ပြောပါတယ်။
မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတွေကနေ ကယ်တင်ထားတဲ့နောက်ထပ် ယူဂန်ဒါနိုင်ငံသား လေးဆယ်ဝန်းကျင်ကို နေရပ်ပြန်ပို့ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ယူဂန်ဒါနိုင်ငံသာတွေကို ထိုင်း၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတွေမှာ လစာကောင်းတဲ့ အလုပ်ရမယ်လို့ စည်းရုံးပြီး မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့က ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံခဲ့ရတဲ့ ယူဂန်ဒါနိုင်ငံသား ၂၃ ဦးလည်း ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က နေရပ်ပြန်ရောက်ခဲ့ပါတယ်။