လယ်သမား ၆ ဦးနဲ့ ကူညီသူ ၃ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2015.05.26

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကံသာကျေးရွာက လယ်သမား ၆ ဦးနဲ့ ကူညီပေးတဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၉ဦးကို ဝမ်းတွင်းမြို့နယ်တရားရုံးက ထောင်ဒဏ် အသီးသီးချမှတ်ပြီး မိတ္ထီလာထောင်ကို ပို့လိုက်ပါတယ်။

ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်စီးမှုပုဒ်မတွေနဲ့ လယ်သမား ၆ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅လစီ ချမှတ်ပြီး ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ဦးကို ပိုင်နက်ကျူးလွန်မှု နဲ့ ထောင်ဒဏ် ၂လစီ ချမှတ်လိုက်တယ်လို့ ဒီနေ့ အမိန့်ချခံရတဲ့ လယ်သမားအရေး ကူညီနေသူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ကံသာကျေးရွာမှာ လယ်သမား ၁ဝ ဦး လုပ်ကိုင်တဲ့ လယ်ယာမြေ ၂၅ ဧကကို ငါးကန်ဆောက် လုပ်ဖို့ဆိုပြီး ၁၉၉၅ ခုနှစ်ခန့်က ကျေးရွာဥက္ကဌနဲ့ မိတ္ထီလာလေတပ်စခန်းမှူး လက်ရှိ ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်တို့က လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ ပြောပါတယ်။

အဲဒီလယ်ယာမြေတွေမှာ ငါးကန်ကို အကောင်အထည်ဖော်ခြင်းမရှိတာကြောင့် လယ်သမားတွေက ၂ဝ၁၂ ခုနှစ်မှာ ဝင်ရောက်ထွန်ယက်ခဲ့ရာ လယ်သမား ၇ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်စီးမှု၊ ခွင့်ပြုချက်မရှိဘဲ သစ်ခုတ်မှုနဲ့ လယ်သမားတွေကို ကူညီပေးတဲ့ မိတ္တီလာပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၅ ဦးကို ပုဒ်မ ၄၄၇ နဲ့ စုစုပေါင်း ၁၂ဦးကို ကျေးရွာဥက္ကဌဟောင်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အမိန့်ချရာမှာ လယ်သမားတစ်ဦးနဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တစ်ဦး စုစုပေါင်း ၂ဦးကို တရားသေလွှတ်ပေးလိုက်ပါတယ်။ တရားစွဲခံရတဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်တစ်ဦးကတော့ အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ကွယ်လွန်သွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။