စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်ငါးဦး နှစ်ရှည်ထောင်ဒဏ်ချခံရ

2023.01.02
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်ငါးဦး နှစ်ရှည်ထောင်ဒဏ်ချခံရ နှစ်ရှည်ထောင်ဒဏ်ချခံရသည့် မုံရွာစီးပွားရေးတက္ကသိုလ် ဂုဏ်ထူးတန်း ဒုတိယနှစ် ကျောင်းသူ မဆောင်းဟေသာနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ရူပဗေဒအထူးပြုဘွဲ့ရကျောင်းသား ကိုဗညားစိုးထက်တို့ကို တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားငါးဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်လိုက်တယ်လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ရူပဗေဒအထူးပြုဘွဲ့ရကျောင်းသား ကိုဗညားစိုးထက်နဲ့ ဒဂုံတက္ကသိုလ် ဓာတုဗေဒအထူးပြု အဝေးသင်ဒုတိယနှစ်ကျောင်းသား ကိုစစ်ဇော်ကံကို ထောင် ၇၄ နှစ်စီ၊ တိုက်ကြီးမြို့နယ်က ကိုစိုင်းစည်သူကို ထောင် ၄၄ နှစ်၊ မုံရွာစီးပွားရေး တက္ကသိုလ် ဂုဏ်ထူးတန်း ဒုတိယနှစ် ကျောင်းသူ မဆောင်းဟေသာကို ပုဒ်မ ၅၀(ည)နဲ့ ထောင် ၂၄ နှစ်နဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်က ဘွဲ့ရကျောင်းသူ မဖြိုးအိကျော်ကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးချမှတ်ခံခဲ့ရတာလို့ပြောပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ကျောင်းသားလူငယ်တွေကို စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်တာဟာ မတရားသဖြင့် ဖိနှိပ်တာလို့လည်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်က ပြောပါတယ်။

“ကျနော်တို့ ကျောင်းသားလူငယ်တွေကို နှစ်ရှည် ထောင်ဒဏ်တွေချမှတ်တယ်ဆိုတာက ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့သူတွေကို မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်တာ ဖြစ်တယ်။ တချို့သောပုဒ်မတွေဆို ကျောင်းသား၊ လူငယ်တွေက ကျူးလွန်ခဲ့ခြင်းမရှိပဲနဲ့ သူတို့ မတရား စွပ်စွဲထားတာတွေ တွေ့ရတယ်။ တရားခွင့်မှာလည်း တစ်ဖက်သတ် စီရင်ချက် ချတာတွေခံရတယ်။ ကိုယ့်အသက်ထက်များတဲ့ ထောင်ဒဏ်တွေကို အာဏာသိမ်း စစ်တပ်က တရားရုံတွေကို အသုံးပြုပြီးချမှတ်နေတာဖြစ်တယ်”

အရှေ့ပိုင်းခရိုင် တက္ကသိုလ်တစ်ခုတည်းမှာ ဘွဲ့ရပြီးသူနဲ့ ကျောင်းတက်နေဆဲ ကျောင်းသား၊ ကျောင်းသူတွေ အထဲက ထောင်ဒဏ် ၇၄ နှစ်တစ်ဦး၊ ထောင်ဒဏ် ၂၆ နှစ် လေးဦး၊ ထောင်ဒဏ် ၁၅ နှစ် တစ်ဦး၊ ထောင်ဒဏ် ၁၀ နှစ်တစ်ဦး၊ ထောင်ဒဏ် ၅ နှစ် နှစ်ဦး၊ ထောင်ဒဏ် ၆ နှစ် တစ်ဦး၊ ထောင်ဒဏ် ၃ နှစ် နှစ်ဦးနဲ့ ထောင်ဒဏ် နှစ် နှစ် ငါးဦး၊ စုစုပေါင်း ၁၇ ဦးရှိတယ်လို့ သူက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ တစ်ပတ်အတွင်းမှာ ရန်ကုန်၊ မန္တလေး၊ ဘားအံနဲ့ မော်လမြိုင်မြို့က တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၁၀ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာ ကျောင်းသားများသမဂ္ဂတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။