သတင်းစာဆရာ ဦးစည်သူအောင်မြင့် အဖမ်းခံရ

2021.08.18
သတင်းစာဆရာ ဦးစည်သူအောင်မြင့် အဖမ်းခံရ သတင်းစာဆရာ ဦးစည်သူအောင်မြင့်
Photo: Citizen Journalist

ပြည်တွင်းပြည်ပ မီဒီယာတွေမှာ နိုင်ငံရေး လေ့လာသုံးသပ်ချက်တွေ ရေးသားနေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ဖမ်းဆီးခံလိုက်ရတယ်လို့ သူနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးစည်သူအောင်မြင့် ဟာ ရန်ကုန်မြို့က သူတိမ်းရှောင်နေတဲ့ တိုက်ခန်းတစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ဘယ်နေ့မှာ အဖမ်းခံရတယ်၊ ဘယ်မှာ ဖမ်းထားတယ် ဆိုတာတွေ မသိရသေးဘဲ မိသားစုနဲ့လည်း အဆက်အသွယ် မရသေးဘူးလို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“အခုဖမ်းခံရတာက ကျိန်းသေတယ်။ ကွန်ဖမ်းဖြစ်တယ်။ ဧည့်စာရင်းစစ်တယ်။ ဧည့်စာရင်းစစ်တာ သူ့ကိုရှာတာ မဟုတ်ဘဲနဲ့ တခြား ဧည့်စာရင်းစစ်ရင်းနဲ့ သူ့ကို မိသွားတယ်လို့ ကြားတယ်”

သူ့ကိုဖမ်းဆီးစဉ်မှာ သူနဲ့အတူ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်ပါ အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဦးစည်သူအောင်မြင့်ဟာ ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်ပြီး VOA သတင်းဌာန အပါအဝင် ပြည်တွင်း၊ ပြည်ပမီဒီယာတွေမှာ နိုင်ငံရေးလေ့လာသုံးသပ်ချက်တွေ၊ ဆောင်းပါးတွေနဲ့ သရော်စာတွေ ရေးသားနေသူလည်း ဖြစ်ပါတယ်။

သူ့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလကတည်းက ပုဒ်မ ၅၀၅ (ခ) နဲ့ အလိုရှိကြောင်း ထုတ်ပြန်ထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးကာလမှာ သတင်းသမား အများအပြား ဖမ်းဆီးခံရပြီး သတင်းဌာန တချို့လည်း ပိတ်သိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။